ဂျေဒန်ဆန်ချိုက တိုက်စစ်မှူးအဖြစ် ရာသီသစ်ကို စတင်နိုင်တယ်လို့ တန်ဟတ် အကြံပြု

အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ဟွိုက်လန်းရဲ့နေရာကို ဝင်ရောက်ဖြည့်ပြီး တိုက်စစ်မှူးအဖြစ် ရာသီသစ်ကို စတင်နိုင်တယ်လို့ မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ် ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က အကြံပြုခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ဟာ ဆန်ချိုကို ဘက်တစ်၊လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ မန်ယူနိုက်တက်အသင်းရဲ့နံပတ်(၉)နေရာထားပြီး အသုံးပြုသွားခဲ့တာပါ။

မန်ယူနိုက်တက်အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟွိုက်လန်းဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် (၆)ပတ်ကြာအနားယူရတော့မှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုလော့ဂ်နာအသင်းတိုက်စစ်မှူး ဇာခ့်ဇီကို ခေါ်ယူထားပေမယ့် နည်းပြ အဲရစ်တန်ဟတ်က ဆန်ချိုကို လာမယ့်ပွဲတွေမှာ တိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

COLUMBIA, SOUTH CAROLINA – AUGUST 03: Jadon Sancho #25 of Manchester United moves the ball against Liverpool during a pre-season friendly match at Williams-Brice Stadium on August 03, 2024 in Columbia, South Carolina. (Photo by Grant Halverson/Getty Images)

အဲရစ်တန်ဟတ်က “မန်စီးတီးနဲ့ပွဲမှာ ဂျေဒန်ကို တိုက်စစ်မှူးအဖြစ်ထားပြီးကစားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူနဲ့ ကျွန်တော်တို့ ဒီလိုကစားနေမှာမဟုတ်ပါဘူး။ ဇာခ့်ဇီက အချိန်အနည်းယူပြီးရင် အင်္ဂလိပ်ဘောလုံး၊ကျွန်တော်တို့ရဲ့ကစားပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ရမှာပါ။ ဂျေဒန်က နေရာအများအပြားမှာကစားနိုင်တဲ့သူပါ”လို့ ဆိုခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲ(၅)ပွဲကစားခဲ့ရာမှာ ရိန်းဂျားစ်နဲ့ ဘက်တစ်အသင်းတို့ကို အနိုင်ရခဲ့ပြီး ရိုစင်ဘော့၊အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ကို အရေးနိမ့်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ သြဂုတ်(၁၀)ရက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။