ဥရောပထိပ်တန်းလိဂ် (၁၀) ခုထဲမှာ တစ်ခုတည်းသော ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့ အာမိုရင်ရဲ့ အသင်း
လက်ရှိ ဥရောပလိဂ်အဆင့်သတ်မှတ်ချက် (UEFA League Coeffiecient)အရ ထိပ်ဆုံးလိဂ်ပြိုင်ပွဲ(၁၀)ခုထဲမှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်တဲ့အသင်းက တစ်သင်းသာရှိပါတယ်။
ဒီအသင်းက မန်ယူနိုက်တက်အသင်းနည်းပြသစ် ဖြစ်လာတော့မယ့် နည်းပြအာမိုရင် ကိုင်တွယ်နေတဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းပဲ ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ရာသီအစ ပေါ်တူဂီလိဂ်ပွဲစဉ် (၁၀)ပွဲမှာ (၁၀)ပွဲစလုံးကို အနိုင်ကစားခဲ့ပြီး ရမှတ်(၃၀)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအနေနဲ့ ရာသီအစ ကွင်းဖွင့်ပွဲအဖြစ် (ကွန်မြူနတီဒိုင်းလို) ကစားတဲ့ ပေါ်တူဂီစူပါဖလားလုပွဲမှာ ပေါ်တိုအသင်းကို (၄-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကလွဲလို့ ကျန် ပြိုင်ပွဲစုံပွဲတိုင်းမှာ ရှုံးပွဲမရှိကစားထားပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်လီနဲ့ စတမ်းဂရက်ဇ်အသင်းကို (၂-၀)ဂိုးရလဒ်တွေနဲ့ အနိုင်ကစားပြီး PSV အသင်းနဲ့ (၁-၁)ဂိုးစီသရေကျခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းဟာ ဒီနေ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သူကိုင်တွယ်ရတော့မယ့် မန်ယူနိုက်တက်အသင်းရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ။
ဒါကြောင့် ဒီရာသီမှာ ကွင်းဖွင့်စူပါဖလားကလွဲပြီး ရှုံးပွဲမရှိကစားထားတဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ မန်စီးတီးရဲ့တွေ့ဆုံမှုက စိတ်ဝင်စားစရာလည်းဖြစ်နေပါတယ်။
ဒီပွဲက စပို့တင်းလစ္စဘွန်းအသင်းအတွက် အာမိုရင်ရဲ့နောက်ဆုံးချန်ပီယံလိဂ်ပွဲစဉ်လည်းဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းအားပေးသူပရိသတ်တွေ မျက်ရည်ကျကြေကွဲရလောက်အောင် အသင်းအပေါ် ရလဒ်ကောင်းတွေ ယူဆောင်ပေးထားတဲ့ အာမိုရင်ရဲ့နောက်ဆုံးဥရောပနှုတ်ဆက်ပွဲက ဘယ်လိုရလဒ်ထွက်ပေါ်မလဲဆိုတာ ဒီည ပရိသတ်တွေ ရင်ခုန်ရပါဦးမယ်။