ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲအပြီးမှာ မန်ယူနိုက်တက်အတွက် ရမှတ်အနည်းဆုံး ဖြစ်ခဲ့တဲ့ ရာသီ

0

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်(၁၀)ပွဲကစားအပြီးမှာ ရမှတ်(၁၂)မှတ်သာရထားပြီး ဒါက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ပွဲစဉ်(၁၀)အထိကစားအပြီး အနည်းဆုံးပရီးမီးယားလိဂ်ရမှတ် ဖြစ်ပါတယ်။

ဒီရာသီ ပွဲစဉ်(၁၀)အထိကစားအပြီးမှာ မန်ယူနိုက်တက်အသင်းအနေနဲ့ ဖူလ်ဟမ်၊ ဆောက်သမ်တန်၊ ဘရန့်ဖို့ဒ် အစရှိတဲ့(၃)သင်းကို အနိုင်ရထားပြီး ခရစ္စတယ်ပဲလေ့စ်၊ ဗီလာ၊ ချယ်လ်ဆီးအစရှိတဲ့(၃)သင်းကို သရေကျခဲ့တာကြောင့် ရမှတ်(၁၂)မှတ်သာ ရထားတာပါ။

မန်ယူနိုက်တက်အသင်းအတွက် အရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရမှတ်အနည်းဆုံးဖြစ်ခဲ့တဲ့ရာသီတွေက ၂၀၁၄-၁၅ ရာသီနဲ့ ၂၀၁၉-၂၀ ရာသီတွေဖြစ်ပြီး (ပွဲစဉ် ၁၀ အပြီးမှာ)ရမှတ်(၁၃)မှတ်ရခဲ့တာကြောင့် ဒီရာသီထက် (၁)မှတ်ပိုများနေပါသေးတယ်။

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမတိုင်မီ ၁၉၈၆-၈၇ ရာသီမှာ (၁၀)ပွဲကစားအပြီး (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၆)ပွဲရှုံးနဲ့ ရမှတ်(၈)မှတ်သာရခဲ့ဖူးပါတယ်။ အဲဒီတုန်းက မန်ယူနိုက်တက်အသင်းဟာ နည်းပြရွန်အက်ကင်ဆင်ကို ၁၉၈၆ နိုဝင်ဘာလအတွင်း ရာထူးကထုတ်ပယ်ပြီး နည်းပြဖာဂူဆန်ကို ခန့်အပ်ခဲ့ပါတယ်။

အစောပိုင်းရာသီတွေမှာ ဖာဂူဆန်အနေနဲ့ အသင်းရဲ့ဆိုးရွားနေတဲ့အခြေအနေကို ချက်ချင်းကောင်းမွန်လာအောင် မလုပ်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ခေတ်ကို ပြောင်းလာချိန်မှာတော့ မန်ယူနိုက်တက်အသင်းကို အောင်မြင်မှုတွေ အများအပြားရရှိအောင် ဖာဂူဆန်က ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသက်တမ်းတစ်လျှောက် ဖာဂူဆန်စတင်ကိုင်တွယ်ခဲ့တဲ့ရာသီအပြီး အဆိုးရွားဆုံးရာသီအစကို မန်ယူနိုက်တက်အသင်း ကြုံတွေ့နေရပြီး နည်းပြသစ်အာမိုရင်အနေနဲ့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ…

Leave a Reply

Your email address will not be published. Required fields are marked *