နည်းပြမီဇီနီနဲ့ အချင်းများပြီးနောက် မာဆယ်လိုရဲ့ စာချုပ်ကို ဖလူမီနိစ် ဖျက်သိမ်း

0

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူဟောင်း မာဆယ်လိုဟာ ဖလူမိနိစ်အသင်းနည်းပြဖြစ်သူ မီနီဇီနဲ့ ကွင်းဘေးစည်းမှာ အချင်းများခဲ့ပြီးနောက် ငယ်ဘဝကလပ် ဖလူမိနိစ်အသင်းဟာ သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်မကုန်ဆုံးခင်(၂)လအလိုမှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

မာဆယ်လိုဟာ ဖလူမိနိစ်အသင်းထံ ၂၀၂၃ ဖေဖော်ဝါရီက ပြန်လည်ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း(၆၈)ပွဲပါဝင်ကစားခဲ့ကာ (၅)ဂိုးသွင်းယူခဲ့ပြီး ကိုပါလီဘာတေးဒိုးစ်ဆုဖလားအပါအဝင် ဆုဖလား(၃)လုံးရယူနိုင်ခဲ့တာပါ။

ဘရာဇီးလ်ကလပ် ဖလူမိနိစ်အသင်းဟာ နှစ်ဦးသဘောတူညီမှုနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သူတို့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မာဆယ်လိုကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်းမရှိပါဘူး။ ဂရီမီယိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးလိဂ်ပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ ဖလူမိနိစ်အသင်းဟာ မာဆယ်လိုကို လူစားလဲအသုံးပြုဖို့ရှိခဲ့တာပါ။ ဒါပေမယ့် မာဆယ်လိုဟာ နည်းပြနဲ့ အချင်းများမှုတွေရှိခဲ့တာကြောင့် သူ့ရဲ့နေရာမှာ ကနေဒီကို လူစားလဲအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဖလူမိနစ်အသင်းဟာ ဂရီမီယိုအသင်းကို (၂-၁)ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် နောက်ဆုံးပွဲသိမ်းခရာမမှုတ်ခင်မှာ ဂရီမီယိုအသင်းက ချေပဂိုးပြန်သွင်းခဲ့တာကြောင့် (၂-၂)ဂိုးနဲ့ ပွဲပြီးသွားခဲ့တာပါ။ ဖလူမိနိစ်အသင်းနည်းပြက မာဆယ်လိုကိုလူစားလဲဖို့လုပ်ခဲ့ပေမယ့် သူမကြိုက်တဲ့အရာကို ကြားခဲ့ရတာကြောင့် စိတ်ပြောင်းသွားခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဖလူမိနိစ်အသင်းဟာ ဒီရာသီဘရာဇီးလ်လိဂ်ပွဲစဉ်(၃၂)ပွဲကစားအပြီးမှာ ရမှတ်(၃၇)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *