မက်ဆီအတွက် ကံမကောင်းတဲ့ နိုဝင်ဘာ
၂၀၂၄ ခုနှစ်အတွင်း မက်ဆီအနေနဲ့ သူအသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ် Overall အမှတ်ပေးဇယားမှာ ထိပ်ဆုံးကရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ အာဂျင်တီးနားအသင်းကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အမှတ်ပေးဇယားမှာထိပ်ဆုံးက အမှတ်ဖြတ်ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီနိုဝင်ဘာလက မက်ဆီရဲ့ကစားသမားဘဝမှာ ကံမကောင်းခြင်းလတွေထဲ တစ်ခုအပါအဝင်လို့ဆိုနိုင်ပါတယ်။
နိုဝင်ဘာလအတွင်း မက်ဆီရဲ့ကလပ်အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းက မေဂျာလိဂ် MSL Cup Playoffs မှာ အတ္တလန်တာယူနိုက်တက်အသင်းကို (၂)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရသလို၊ ဒီတစ်ပတ်ကစားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း မက်ဆီရဲ့နိုင်ငံ့လက်ရွေးစင်အသင်းဖြစ်တဲ့အာဂျင်တီးနားအသင်းက ပါရာဂွေးအသင်းကို (၁-၂)ဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်။
မေဂျာလိဂ်Overall အမှတ်ပေးဇယားမှာ ထိပ်ဆုံးကရပ်တည်ခဲ့ပေမယ့် အင်တာမိုင်ယာမီအသင်းအနေနဲ့ ဒီရာသီမေဂျာလိဂ်ချန်ပီယံဆုကို မဆွတ်ခူးသေးဘဲ MSL Cup Playoffs ပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ခဲ့ရတာပါ။ Round One အဆင့်က စကစားရတဲ့ အင်တာမိုင်ယာမီအသင်းဟာ အတ္တလန်တာယူနိုက်တက်အသင်းနဲ့ Best of Three (၃)ပွဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး ပထမပွဲမှာ (၂-၁)ဂိုးနဲ့နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာ (၁-၂)ဂိုး၊ တတိယပွဲမှာ (၂-၃)ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် (၂)ပွဲ(၁)ပွဲနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်း MSL Cup Playoffs ပြိုင်ပွဲကထွက်ရပြီး နောက်(၄)ရက်အကြာမှာ ကစားခဲ့တဲ့နိုင်ငံတကာပွဲမှာလည်း မက်ဆီအနေနဲ့ ရှုံးပွဲတွေ့ခဲ့လို့ ဒီနိုဝင်ဘာလအတွင်းကစားထားတဲ့(၃)ပွဲမှာ (၃)ပွဲလုံးအရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် မက်ဆီအတွက်တော့ ဒီနိုဝင်ဘာလက သူ့ရဲ့ကစားသမားဘဝ ကံမကောင်းတဲ့လတွေထဲမှာ တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။