ဂန္ထဝင်ကျောနံပါတ်(၁၀)အင်္ကျီနဲ့ အတူ ဖရီးကစ်ဂိုးသွင်းပြီးချိန်မှာ နေမာလို အောင်ပွဲခံခဲ့တဲ့ ရာဖင်ညာ
ဘရာဇီးလ်အသင်းမှာ ကျောနံပါတ်(၁၀)ဆိုတာ နာမည်ကျော်ဂန္ထဝင်ကစားသမားကြီးတွေဝတ်ဆင်ခဲ့တဲ့ နံပါတ်တစ်ခုဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးလောကရဲ့နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ပီလီ၊ ဇစ်ကို၊ ရော်နယ်လ်ဒင်ဟို၊ ရီဗာလ်ဒို၊ ကာကာအစရှိသူတို့ ၀တ်ဆင်ခဲ့တဲ့ဒီကျောနံပါတ်(၁၀)ရဲ့နောက်ဆုံးပိုင်ရှင်က ဝါရင့်တိုက်စစ်မှူးနေမာဖြစ်ပါတယ်။
ဒါပေမယ့် နေမာက ဒဏ်ရာတွေနဲ့ရုန်းကန်နေရပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ လပေါင်းများစွာ ဝေးကွာနေတဲ့အတွက် ဒီနံပါတ်ကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုဒရီဂိုက ၀တ်ဆင်ခွင့်ရခဲ့ပါတယ်။
ဒီနိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ရိုဒရီဂိုက ကြွက်သားဒဏ်ရာရခဲ့တာကြောင့် ဘရာဇီးလ်အသင်းမှာ မပါ၀င်နိုင်ခဲ့လို့ ဒီတစ်ပတ် ဗင်နီဇွဲလား၊ ဥရုဂွေးအသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမားရာဖင်ညာက ဒီနံပါတ်ကို ၀တ်ဆင်ခွင့်ရခဲ့ပါတယ်။
ရာဖင်ညာက ကျောနံပါတ်(၁၀)၀တ်ဆင်ခွင့်ရချိန်မှာ သူ့ကို ဒီနံပါတ်ယုံယုံကြည်ကြည်ပေးခဲ့တဲ့ ဘရာဇီးလ်အသင်းနည်းပြဒိုရီဗယ်လ်ဂျူနီယာနဲ့ အသင်းတာဝန်ရှိသူတွေကို စိတ်မပျက်စေဘဲ အသင်းအတွက် ဂိုးတစ်ဂိုးကို ဖရီးကစ်ကနေ လှလှပပသွင်းပေးခဲ့ပါတယ်။ ဂိုးသွင်းပြီးချိန်မှာ ကျောနံပါတ်(၁၀)မူရင်းပိုင်ရှင် နေမာကို ရာဖင်ညာက မေ့မထားဘဲ အမှတ်ရတဲ့အနေနဲ့ နေမာအောင်ပွဲခံတဲ့ပုံစံပြုလုပ်ပြခဲ့ပါတယ်။
ဒီပွဲမှာ ရာဖင်ညာက ပွဲချိန်(၄၃)မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဗင်နီဇွဲလားက ပွဲချိန်(၄၆)မိနစ်မှာ ချေပဂိုးသွင်းယူခဲ့လို့ ပွဲအပြီးမှာ ဘရာဇီးလ်အသင်းဟာ (၁-၁)ဂိုးရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။