ကြံကြံဖန်ဖန်လုပ်ရပ်ကြောင့် အဝါကတ်အပြခံခဲ့ရတဲ့ ဖီဘာနာချီနည်းပြ မော်ရင်ညို
ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ညိုက သူ့နည်းပြဘဝမှာ တခြားနည်းပြတွေနဲ့ မတူညီတဲ့ အနေအထိုင်၊ အပြောအဆို၊ အမူအကျင့်တွေကြောင့် မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရသူတစ်ဦးပါ။
အခုလည်း တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ဘယ်နည်းပြမှ လုပ်လေ့လုပ်ထမရှိတဲ့လုပ်ရပ်တစ်ခုကို မော်ရင်ညိုက လုပ်ပြခဲ့ပြီး ဒိုင်လူကြီးဆီက အဝါကတ်ပြသတိပေးမှုကို ခံခဲ့ရပါတယ်။
မနေ့က ကစားခဲ့တဲ့ တူရကီလိဂ်ပွဲစဉ် အန်တယ်ယာစပေါ်နဲ့ ဖီနာဘာချီပွဲမှာ ဖီနာဘာချီအသင်း(၁-ဝ)ဂိုးနဲ့နိုင်နေချိန် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တစ်ခု မှားယွင်းကြောင်း သက်သေပြတဲ့အနေနဲ့ မော်ရင်ညိုက ရုပ်သံကင်မရာရှေ့မှာ လက်တော့ပ်ချပြီး ပြသခဲ့တာပါ။
ဒီလုပ်ရပ်က ကွင်းလယ်ဒိုင်ကို အမျက်ထွက်စေခဲ့ပြီး သူ့ဆီ အဝါကတ်လက်ဆောင်တစ်ခု ရောက်ရှိလာပါတယ်။ ဒီရာသီ တူရကီစူပါလိဂ်မှာ မော်ရင်ညိုရဲ့ဖီနာဘာချီအသင်းက (၇)ပွဲကစား (၅)ပွဲနိုင်(၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၁၆)မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။