ကွယ်လွန်သူဂျော့ချ်ဘဲလ်ဒေါက်အတွက်ရည်စူးတဲ့ ဝင်ဘာလေကွင်းက ဂရိအသင်းရဲ့နိုင်ပွဲ

0

ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဂရိအသင်းက သူတို့အသင်းရဲ့နိုင်ပွဲဟာ နေအိမ်ရေကူးကန်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ ပါနာသီနိုင်းကို့စ်နောက်ခံလူဂျော့ချ်ဘဲလ်ဒေါက်အတွက် ရည်စူးတယ်လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အသင်းဂိုးပေါက်ကို ဂရိအသင်းက(၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး (၃)ဂိုးက ပယ်ချခံခဲ့ရတာကြောင့် (၂-၁)ဂိုးရလဒ်နဲ့သာ အနိုင်ရရှိခဲ့တာပါ။

ဂရိအသင်းအတွက် နှစ်ဂိုးစလုံးကို တိုက်စစ်မှူးပက်ဗ်လီဒစ်က သွင်းယူပေးခဲ့ပြီး ပထမဂိုးကို ပွဲချိန်(၄၉)မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ပွဲချိန်(၈၇)မိနစ်မှ အင်္ဂလန်အသင်းအတွက် ဘယ်လင်ဂမ်က ချေပခဲ့ပြီး ထပ်ဆောင်းအချိန်ပို (၉၀+၄)မိနစ်မှာ ပက်ဗ်လီဒစ်ကပဲ အနိုင်ဂိုးသွင်းယူခဲ့တာပါ။

■ Video – မနေ့က ကစားခဲ့တဲ့ UEFA Nations League ပွဲစဥ် အင်္ဂလန်(၁-၂)ဂရိပွဲမှာ ဂရိဂိုးသမား ပုတ်ထုတ်ခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ကန်ချက်၊ ဂိုးထဲဝင်လုဝင်ခင် ဘောလုံးကို ဂိုးစည်းပေါ်က အင်္ဂလန်‌နောက်ခံလူကိုလ်ဝဲလ်ရဲ့ ဖျက်ထုတ်မှု၊ ဂရိအသင်းအတွက် တိုက်စစ်မှူး ပက်ဗ်လီဒစ်ရဲ့ သွင်းဂိုး(၄၉ မိနစ်)၊ ဘယ်လင်ဂမ်ရဲ့ချေပဂိုး(၈၇ မိနစ်)နဲ့ ပက်ဗ်လီဒစ်ရဲ့ အနိုင်ဂိုး(၉၀+၄ မိနစ်)၊ ဂရိအသင်း ပယ်ချခံရတဲ့ဂိုးများ။

ဒီပွဲမှာ အင်္ဂလန်အသင်းက ဘောလုံးကိုများများကိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂရိအသင်းက အင်္ဂလန်အသင်းဂိုးပေါက်ကို အကြိမ်ကြိမ်ပြန်ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တောင်ပိုရခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ပြိုင်ပွဲတွေမှာ (၄)နှစ်အတွင်း ပထမဆုံးရှုံးနိမ့်ခဲ့တာဖြစ်ပြီး UEFA Nations League B ရဲ့ အုပ်စု(၂)မှာ (၃)ပွဲလုံးအနိုင်ရထားတဲ့ ဂရိနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *