(၁၃)နှစ်ကြာသံယောဇဉ်ကြိုးကိုဖြတ်တောက်ပြီး (၁၃)နှစ်ကွာတဲ့ သံယောဇဉ်အသစ်ကို မွေးမြူခဲ့တဲ့ တူချယ်လ်
(Inside Story)
၂၀၂၁ မေလ (၂၉)ရက်နေ့။
ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့က Estadio do Dragao ကွင်းအတွင်း မန်စီးတီးအသင်းကို ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲတော့ ချယ်လ်ဆီးနည်းပြတူချယ်လ်ကို သူ့ရဲ့ချစ်ဇနီးဆစ်စီက ပြေးခုန်ဖက်ပြီး တစ်ဖွဖွနမ်းရှုံနေတာကို ဘေးနားက သမီးလေးနှစ်ဦးက ရပ်ကြည့်နေတဲ့ မြင်ကွင်းက မြင်တွေ့သူတိုင်းကို ကြည်နူးစေပါတယ်။
နောက်တစ်နှစ်တောင်မကြာဘဲ ၂၀၂၂ ဧပြီလမှာတော့ ဒီကြည်နူးစရာ အိမ်ထောင်လေးတစ်ခုက ပြိုကွဲခဲ့ပါတယ်။ တူချယ်လ်နဲ့ ဘယ်လိုမှ ဆက်လက်ပေါင်းသင်းဖို့မဖြစ်နိုင်ကြောင်း၊ သူတို့ရဲ့အိမ်ထောင်ရေးအက်ကြောင်းမှာ ဘယ်လိုမှ ပြန်လည်စေ့စပ်လို့မရတော့တဲ့အရာကြောင့် လမ်းခွဲရတော့မှာဖြစ်ကြောင်း ဆစ်စီကပြောကြားပြီး ကွာရှင်းခွင့်တောင်းခံလွှာကို လန်ဒန်ဟိုက်ကုတ်တရားသူကြီးထံ တင်ပြခဲ့ပါတယ်။
တူချယ်လ်နဲ့လက်ထပ်ပြီး သာယာတဲ့အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ အောင်မြင်ထင်ရှားတဲ့ဂျာနယ်လစ်ဘဝကို စွန့်လွှတ်ခဲ့တဲ့ ဆစ်စီတစ်ယောက် သူမ ထင်သလိုဘဝခရီးအဆုံးသတ်အထိ မရောက်ရှိခဲ့ဘဲ လမ်းခုလတ်မှာပဲ ဒီအိမ်ထောင်ရေးက ရပ်တန့်ခဲ့ရတာပါ။
(၁၃)နှစ်ကြာတည်ဆောက်ခဲ့တဲ့ အိမ်ထောင်တစ်ခုပြုကွဲခဲ့ပြီး နှစ်ဝက်တောင်မကြာခင်မှာပဲ တူချယ်ကို သူ့ထက် (၁၃)နှစ်ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ဦးနဲ့အတူ တွေ့ခဲ့ရပါတယ်။
ဒီအမျိုးသမီးကတော့ ဘရာဇီးလ်နိုင်ငံသူ ကလေး(၂)ဦးမိခင် နာတာလီမက်စ်ဆိုသူဖြစ်ပြီး တူချယ်လ်နဲ့ ဆာဒီနီယားကျွန်းက ရွက်လှေပေါ်မှာ၊ တစ်ည ပေါင်(၂၀၀၀၀)ပေးရတဲ့ တည်းခိုအိမ်ကြီးပေါ်မှာ တူချယ်လ်နဲ့အတူ ကြည်ကြည်နူးနူးဖြစ်နေတာကို တွေ့ခဲ့ရတာပါ။
တူချယ်လ်ရဲ့အိမ်ထောင်ရေးဘဝဇာတ်ကြောင်းတွေကို အရင်က မီဒီယာတွေ ဒီလောက်စိတ်မဝင်စားပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ အတည်ဖြစ်သွားပြီးနောက်ပိုင်း သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဇာတ်ကြောင်းတွေကို မီဒီယာတွေက ဖော်ထုတ်ရေးသားလာကြတာဖြစ်ပါတယ်။
အရင်က အင်္ဂလန်အသင်းရဲ့ပထမဆုံးနိုင်ငံခြားသားနည်းပြဖြစ်တဲ့ အဲရစ်ဆင်လက်ထက်တုန်းကလည်း အမျိုးသမီးတွေနဲ့ ဇာတ်ရှုပ်မှုတွေကို ဗြိတိန်မီဒီယာတွေက ဖော်ထုတ်ခဲ့ပြီး အရှက်ရစရာတွေ ဖြစ်ခဲ့ဖူးပါတယ်။ သူနဲ့ လက်တွဲနေတဲ့ အမျိုးသမီးနန်စီရှိတဲ့ကြားကနေ ရုပ်သံတင်ဆက်သူ ယူရီကာဂျွန်ဆင်နဲ့ ဇာတ်ရှုပ်ခဲ့တာတွေ၊ FA က အတွင်းရေးမှူးဖာရီယာအလမ်းနဲ့ ဖောက်ပြန်ခဲ့တာတွေက စာမျက်နှာတွေထက်မှာ ပလူပျံခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထိပ်တန်းတာဝန်ရှိသူတွေကို စိတ်ပျက်စေခဲ့ဖူးပါတယ်။
ဒါကြောင့် ကမ္ဘာပေါ်မှာ ပရိသတ်တွေ အာရုံအစိုက်ဆုံး လက်ရွေးစင်အသင်းနည်းပြရာထူးဖြစ်တဲ့ အင်္ဂလန်အသင်းနည်းပြရာထူးကို ပိုင်ဆိုင်နေချိန်မှာ တူချယ်လ်အနေနဲ့ ပုဂ္ဂိုလ်ရေးကိစ္စရပ်တွေကို အလွဲအမှားမလုပ်ဖို့လည်း လိုအပ်နေတယ်လို့ဆိုရမှာပါ။