ဂီတပြီးရင် ဘောလုံးကို အရုးသွပ်ဆုံးဖြစ်ခဲ့တဲ့ လီယမ်ပိန်း
မနေ့က ညနေပိုင်းမှာ ဟိုတယ်ဝရန်တာကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ One Direction တေးဂီတအဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ ဂီတပြီးရင် ဘောလုံးအားကစားကို အရူးသွပ်ဆုံးသူတစ်ဦးလို့ ပြောလို့ရပါတယ်။
အသက်(၃၁)နှစ်အရွယ်ရှိသာ ရှိသေးတဲ့ အင်္ဂလိပ်လူမျိုးအဆိုတော် လီယမ်ပိန်းဟာ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့အနီး ပါလာမိုမှာရှိတဲ့ Casa Sur ဟိုတယ်မှာ တည်းခိုနေထိုင်နေစဉ် ဟိုတယ်ဝရန်တာကနေ ပြုတ်ကျသေဆုံးခဲ့တာပါ။
သူ့အနေနဲ့ မသေဆုံးခင်မှာ မူးယစ်ဆေးဝါးသုံးစွဲဖွယ်အနေအထားတွေတွေ့ရှိရပြီး အခန်းတွင်းမှာလည်း ရှုတ်ရှက်ခတ်နေတဲ့အနေအထားတွေ တွေ့ခဲ့ရပါတယ်။
ဟိုတယ်အခန်းအတွင်းမှာ မူးယစ်ပြီး ရမ်းကားနေတာကြောင့် ဟိုတယ်မန်နေဂျာက လာရောက်ထိန်းသိမ်းပေးဖို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး သိပ်မကြာခင်မှာ လီယမ်ပိန်းဟာ ပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
လောလောဆယ်မှာ ရဲတပ်ဖွဲ့က သူ့ရဲ့သေဆုံးမှုကို စစ်ဆေးဆဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေခြင်း(သို့မဟုတ်)မတော်တဆဖြစ်ခြင်းစတာတွေကို အတည်မပြုသေးဘဲ စုံစမ်းမှုရလဒ်ကို မထုတ်ပြန်သေးကြောင်း သိရပါတယ်။
လီယမ်ပိန်းဟာ နာမည်ကျော်ဂီတသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဘောလုံးအားကစားကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ Soccer Aid ဘောလုံးရန်ပုံငွေပွဲမှာ ၂၀၂၂ ခုနှစ်တုန်းက ပါဝင်ယှဉ်ပြိုင်ဖူးသူဖြစ်ပါတယ်။
အဲဒီတုန်းက အင်္ဂလန်နိုင်ငံက ကျော်ကြားသူ Celebrities တွေပါဝင် ယှဉ်ပြိုင်တဲ့ အင်္ဂလန်အသင်း(England side)မှာ သူက အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပါတယ်။ ဒီရန်ပုံငွေပွဲအတွက် သူနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ဘောလုံးလေ့ကျင့်ဖို့ ဘောလုံးကွင်းတစ်ကွင်းလုံးကို ငွေကုန်ကြေးကျခံကာ ငှားရမ်းပေးခဲ့ဖူးပါတယ်။
ဝက်စ်ဘရွန်းအသင်းကကို အားပေးတဲ့ လီယမ်ပိန်းဟာ နာမည်ကျော်ဘောလုံးသမားမဖြစ်ခဲ့ပေမယ့် အပျော်တမ်းဘောလုံးသမားတစ်ဦးအဖြစ် ဘောလုံးကစားခြင်းကို ခုံမင်စွာ ကစားခဲ့သူလည်းဖြစ်ပါတယ်။
အရွယ်မတိုင်မီ ကြေကွဲဝမ်းနည်းဖွယ်ရာ ရုတ်တရက်သေဆုံးသွားတဲ့သူ့ကို ပရိသတ်တွေက နှမြောတသဖြစ်နေကြပြီး အင်္ဂလန်ဘောလုံးလောကက နာမည်ကြီးကစားသမား/နည်းပြတချို့ကလည်း သူ့ရဲ့ ကံဆိုးမိုးမှောင်ကျရောက်မှုအတွက် ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြပါတယ်။