၂၀၁၃ နောက်ပိုင်း ချယ်လ်ဆီးကို အိမ်ကွင်းမှာ ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်ထိန်းခဲ့တဲ့ မန်ယူနိုက်တက်

0

မန်ယူနိုက်တက်အသင်းက ယာယီနည်းပြနစ္စတယ်ရွိုင်း ကိုင်တွယ်မှုလက်အောက်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်ချယ်လ်ဆီးအသင်းကို မရှုံးအောင်ကစားရင်း အသင်းရဲ့မှတ်တမ်းကောင်းတစ်ခုကို ထိန်းနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းဟာ ၂၀၁၃ နောက်ပိုင်း (၁၁)နှစ်အတွင်းချယ်လ်ဆီးအသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲတွေရှုံးနိမ့်ခြင်းမရှိတဲ့မှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ မာတာ၊ အီဗန်နိုဗစ်၊ အော်စကာ၊ ဒေးဗစ်လူးဝစ်ဇ်၊ အက်ဇ်ပီလီကွယ်တာအစရှိတဲ့ကစားသမားတွေကစားစဉ်အချိန်က မန်ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ (၁-၀)ဂိုးနဲ့အနိုင်ကစားခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ မန်ယူနိုက်တက်ကွင်းမှာ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေဆိုရင် နိုင်ပွဲမရှိတော့တာပါ။

ဒီပွဲက ၂၀၁၃ ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ ချယ်လ်ဆီးအသင်းနိုင်ပွဲမရတဲ့ (၁၂)ပွဲမြောက်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံးနိုင်ပွဲရနိုင်တဲ့ ဂိုးသွင်းခွင့်တွေကို ပိုင်ဆိုင်ခဲ့ပေမယ့် အတော်များများလွဲချော်ခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

■ Video – မနေ့ညက ကစားခဲ့တဲ့ မန်ယူနိုက်တက် (၁-၁)ချယ်လ်ဆီးပွဲမှာ နှစ်ဖက်အသင်း မဝင်ခဲ့တဲ့ ထိုးဖောက်မှုတချို့နဲ့ မန်ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ်သွင်းခဲ့တဲ့ ပယ်နယ်တီ(၇၀မိနစ်)၊ ချယ်လ်ဆီးအတွက် ကွင်းလယ်လူ ကိုင်စီဒိုရဲ့ချေပဂိုး(၇၄ မိနစ်)

မန်ယူနိုက်တက်အသင်းက ပွဲချိန်(၇၀)မိနစ်မှာ ချယ်လ်ဆီးဂိုးသမားနဲ့ထိပြီး ဟွိုင်လန်းလဲကျတာကြောင့်ရခဲ့တဲ့ ပယ်နယ်တီကို အသင်းခေါင်းဆောင်ဖာနန်ဒက်စ်က ကန်သွင်းယူပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။

မန်ယူနိုက်တက်ရဲ့ဦးဆောင်ဂိုးက (၄)မိနစ်သာခံပြီး (၇၄)မိနစ်မှာ ချယ်လ်ဆီးအတွက်ကိုင်စီဒိုက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ နှစ်သင်းစလုံး ဂိုးရဖို့ အပြန်အလှန်ထိုးဖောက်ကစားခဲ့တာကြောင့် ပွဲက ကြည့်ကောင်းခဲ့ပြီး ဒီရလဒ်ထက် ပိုဂိုးများတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့သင့်တာအမှန်ပါပဲ။

ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ စပါး-ဗီလာပွဲမှာတော့ အိမ်ရှင်စပါးအသင်းက ဗီလာကို ဂျွန်ဆင်၊ ဆိုလန်ကီ(၂ ဂိုး)၊ မက်ဒီဆန်တို့ရဲ့ဂိုးတွေနဲ့အတူ (၄-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဗီလာအသင်းက ပထမပိုင်း(၃၂)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် စပါးကစားသမားတွေက ဒုတိယပိုင်းမှာ (၄)ဂိုးအထိသွင်းပြီး အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက် အနိုင်ယူခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *