အဖိုးတန်ဂိုးတွေသွင်းပြီး ထူးခြားမှတ်တမ်းတွေ ပိုင်ဆိုင်ထားတဲ့ ဂါဘရီရယ်လ်

0

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်နောက်ခံလူဂါဘရီရယ်လ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က စပါးအသင်းနဲ့ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းအတွက်အဖိုးတန်အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သလို မနေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာလည်း ဦးဆောင်ဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ပွဲကျပ်ကာလမှာ အသင်းရှုံးပွဲမတွေ့အောင် ဂိုးတွေသွင်းယူပေးနေတဲ့ ဂါဘရီယယ်လ်အနေနဲ့ ထူးခြားမှတ်တမ်းအတော်များများပိုင်ဆိုင်ထားတာကြောင့် သူ့ရဲ့မှတ်တမ်းတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခေါင်းတိုက်ဂိုး(၁၀)ဂိုးပြည့်သွင်းနိုင်တဲ့အာဆင်နယ်ကစားသမားစာရင်းမှာ ဂါဘရီယယ်လ်(၁၁ ဂိုး)က နာမည်ကြီးတိုက်စစ်မှူး(၃)ဦးရဲ့နောက်မှာ ရှိနေပါတယ်။ အာဆင်နယ်အသင်းမှာ အရင်က ဒီလိုခေါင်းတိုက်ဂိုး(၁၀)ဂိုးနဲ့အထက် သွင်းနိုင်တာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျရူး(၂၇ ဂိုး)၊ အီယန်ရိုက်(၁၄ ဂိုး)နဲ့ အဒီဘာယော(၁၂ ဂိုး)တို(၃)ဦးသာ ရှိပါတယ်။

၂၀၂၀ ခုနှစ် နွေရာသီက အာဆင်နယ်ကို ရောက်လာတဲ့ ဂါဘရီရယ်လ်ဟာ (၅)ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုး(၁၆)ဂိုးအထိသွင်းယူထားပြီး ဒီကာလအတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခုက ဗဟိုနောက်ခံလူ(Centre Back)တွေထဲမှာ သူ့လောက်ဂိုးများများသွင်းနိုင်တဲ့သူမရှိပါဘူး။

ပရီးမီးယားလိဂ်နောက်ခံလူတွေထဲမှာလည်း ကျန်ကစားသမားတွေနဲ့ ဂိုးများစွာကွာဟနေပြီး ဝက်စ်ဟမ်းနောက်ခံလူဇူးမားက (၁၁)ဂိုး၊ ဘရိုက်တန်နောက်ခံလူလူးဝစ်ဒန့်ခ်နဲ့ ဘရန့်ဖိုဒ်နောက်ခံလူဘန်မီးတိုက (၁၀)ဂိုးစီ အနီးစပ်ဆုံးအနေနဲ့ သွင်းထားကြပါတယ်။

ဒါ့အပြင် ဂါဘရီရယ်လ်ဟာ နောက်ဆုံး(၃)ရာသီအတွင်း ပရီးမီးယားလိဂ်အဝေးကွင်း သွင်းဂိုး(၆)ဂိုးသွင်းယူထားရာမှာ (၄)ဂိုးက ပြိုင်ဘက်အသင်းကြီးတွေရဲ့ကွင်းတွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၃ ရာသီက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးကို(၁-ဝ)ဂိုးနဲ့နိုင်တဲ့ပွဲ၊ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ရာသီက အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့(၁-၁)ဂိုးစီသရေကျတဲ့ပွဲ၊ ဒီရာသီ တော့တင်ဟမ်ဟော့စပါးကွင်းမှာ စပါးကို(၁-ဝ)ဂိုးနဲ့နိုင်တဲ့ပွဲ၊ အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ (၂-၂)သရေကျတဲ့ပွဲတွေမှာ ဂါဘရီရယ်လ်က အသင်းအတွက် အရေးပါတဲ့အဖိုးတန်ဂိုးတွေကို သွင်းယူပေးခဲ့တာပါ။

ဂါဘရီရယ်လ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးစုစုပေါင်း(၁၆)ဂိုးသွင်းယူထားပြီး ဒီထဲက (၁၄)ဂိုးက ထောင့်ကန်ဘောကလာတဲ့ ဘောလုံးတွေကို ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့သွင်းဂိုး(၁၆)ဂိုးမှာ ၈၈%က ထောင့်ကန်ဘောကနေသွင်းယူထားတာဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုး(၁၀)ဂိုးနဲ့ အထက်သွင်းသူတွေထဲမှာ သူက ရာခိုင်နှုန်းအများဆုံးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *