ကွင်းသစ်ပြီးရင် ထာဝရအပြီးတိုင် ပျောက်ကွယ်သွားနိုင်တဲ့ သမိုင်းဝင် အိုးထရက်ဖို့ဒ်ကွင်း

0

နှစ်ပေါင်း(၁၀၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိပ်မက်ပြဇာတ်ရုံလို့ မန်ယူနိုက်တက်ပရိသတ်တွေရင်ထဲ စွဲမြဲစွာရှိခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းဟာ နောင်နှစ်အနည်းငယ်အကြာမှာ ပရိသတ်တွေမြင်ကွင်းက အပြီးတိုင်ပျောက်ကွယ်သွားတော့မယ့် အလားအလာမှာရှိနေပါတယ်။

၁၉၁၀ ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းဟာ နှစ်ပေါင်း(၁၁၄)နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ ငါးစိမ်းမြင် ငါးကင်ပစ်ဆိုတဲ့စကားလိုပဲ ကွင်းသစ်စီမံကိန်းကြောင့် အပြီးတိုင်စွန့်ပစ်ခံရမယ့် အခြေအနေမှာ ရှိနေတာပါ။

မန်ယူနိုက်တက်အသင်းရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ပေါင်(၂)ဘီလီယံတန်ကွင်းသစ်တည်ဆောက်ပြီးရင် လက်ရှိအိမ်ကွင်းဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖြိုချဖျက်ဆီးသွားမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

မူလက ဒီကွင်းကို အမျိုးသမီးဘောလုံးပြိုင်ပွဲတွေနဲ့လူငယ်ဘောလုံးပွဲတွေအတွက် ဆက်လက်အသုံးပြုမယ်လို့ တာဝန်ရှိသူတွေက ရည်ရွယ်ထားခဲ့ပါတယ်။ အမျိုးသမီးနဲ့လူငယ်ပွဲတွေက ပရိသတ်အရေအတွက်များစွာမလိုအပ်တာကြောင့် ကွင်းအတွင်း ထိုင်ခုံအရေအတွက်ကို လက်ရှိ ရှိနေတဲ့ (၇၀၀၀၀)ကျော်ကနေ (၃၀၀၀၀)ကျော်အထိ လျှော့ချသွားမယ်လို့လည်း အစောပိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

အခု နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ကွင်းသစ်တည်ဆောက်မယ့်စီမံကိန်းနဲ့ ကွင်းဟောင်းကို ပြုပြင်မယ့်စီမံကိန်း(၂)ခုစလုံးကို ပြုလုပ်ရင် ရှုပ်ထွေးမှုတွေရှိလာနိုင်ပြီး ငွေကြေးပေါင်သန်းရာချီပိုမိုကုန်ကျနိုင်တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဆက်လက်ထားရှိရေးအဆိုပြုချက်က ဖြစ်လာဖို့ ခဲယဉ်းနေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဘော်ဘီချာလ်တန်၊ ဂျော့ချ်ဘတ်စ်၊ ဒင်းနစ်လောအစရှိတဲ့ကစားသမား(၃)ယောက်ရဲ့ရဲသုံးဖော်ရုပ်တု၊ နည်းပြဟောင်းကြီးတွေဖြစ်ကြတဲ့ ဆာမတ်ဘက်စ်ဘီ၊ ဆာအဲလက်စ်ဖာဂူဆန်၊ ဂျင်မီမာဖီအစရှိသူတို့ရဲ့ရုပ်တုတွေ၊ မြူးနစ်လေယာဉ်ပျက်ကျချိန်ကိုဖော်ပြနေတဲ့ နာရီ အစရှိတဲ့ သမိုင်းဝင်အကြောင်းအရာများစွာရှိနေတဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဆက်လက်တည်ရှိစေလိုတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

‘Wembley of the North’ လို့အမည်ရတဲ့ လူဦးရေ တစ်သိန်းကျော်ဆံကွင်းသစ်စံမံကိန်းကို ၂၀၃၀ ခုနှစ်တွေမှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပြီး ဒီအချိန်မှာ အိုးလ်ထရက်ဖို့ဒ်ကို သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် ဆက်ထိန်းသိမ်းထားမလား … သမိုင်းစာမျက်နှာတွေထဲမှာပဲ အိုးလ်ထရက်ဖို့ဒ်က ကျန်နေရစ်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *