လူမျိုးရေးခွဲခြားလို့ ထောင်ဒဏ်တစ်နှစ်ကျခံရမယ့် မာယော့ကာ ပရိသတ်
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီယပ်စ်နဲ့အေစီမီလန်တောင်ပံကစားသမားချူကွယ်ဇီတို့ကို လူမျိုးရေးခွဲခြားခဲ့တဲ့ မာယော့ကာပရိသတ်တစ်ဦးကို စပိန်တရားရုံးက ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက်ပါတယ်။
ဒီပရိသတ်ဟာ ၂၀၂၃ ဖေဖော်ဝါရီလအတွင်းက မာယော့ကာအသင်းရဲ့ Son Moix ကွင်းမှာကစားခဲ့တဲ့ မာယော့ကာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားခဲ့သလို
နောက်နှစ်ပတ်အကြာမှာ ကစားခဲ့တဲ့မာယော့ကာ-ဗီလာရီးရဲလ်ပွဲမှာလည်း ဗီလာရီးရဲလ်တောင်ပံကစားသမားချူကွယ်ဇီကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
ချုကွယ်ဇီက အေစီမီလန်အသင်းမှာ မကစားခင် ဗီလာရီးရဲယ်အသင်းမှာ ကစားခဲ့သူပါ။
ဒါ့အပြင် ဒီပရိသတ်အနေနဲ့ ဘောလုံးကွင်းတွေမှာ ဘောလုံးပွဲကြည့်ရှုခွင့်(၃)နှစ်ပိတ်ပင်ခံခဲ့ရကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ မေလအတွင်းက ဗလင်စီယာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တဲ့ ဗလင်စီယာပရိသတ်(၃)ဦးကိုလည်း စပိန်တရားရုံးတစ်ခုက ဒီနှစ်အစောပိုင်းမှာ
ထောင်ဒဏ်(၈)လ ချမှတ်ခဲ့ပါသေးတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ဗင်နီစီယပ်စ်နဲ့ ချူကွယ်ဇီတို့ကို လူမျိုးရေး ခွဲခြားခဲ့တဲ့ပရိသတ်ဟာ သူရဲ့လုပ်ရပ်အတွက် နောင်တရကြောင်းဖော်ပြခဲ့ပြီး သက်ဆိုင်သူတွေကို တောင်းပန်ခဲ့ကြောင်း၊ ဒါ့အပြင် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးနဲ့ သာတူညီမျှရှိရေးအတွက် လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာကြောင့် သူ့ရဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ်အဖြစ် သတ်မှတ်ခဲ့ကြောင်း ” ဖော်ပြခဲ့ပါတယ်။