တူရကီ ရုပ်သံဘောလုံးဝေဖန်သူ ဆာဟတ်အကင် ခြေထောက်ကို သေနတ်နဲ့ ပစ်ခံခဲ့ရ
တူရကီရုပ်သံဘောလုံးဝေဖန်သူ ဆာဟတ်အကင်ဟာ ကြာသပတေးညနေပိုင်းက အစ္စတန်ဘူလ်ရှိ ရုပ်မြင်သံကြားစတူဒီယိုကနေ ထွက်ခွာလာပြီးနောက်မှာ ခြေထောက်ကို သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
ဖီနာဘာချီအသင်းမှာ ကစားသမားဘဝစတင်ခဲ့ပြီး တူရကီလက်ရွေးစင်အသင်းအတွက်(၁၆)ပွဲပါဝင်ကစားခဲ့တဲ့ ဆာဟတ်အကင်ဟာ ဖီနာဘာချီအသင်းက အူနယွန်း SG အသင်းကို(၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီး အစ္စတန်ဘူလ်ရဲ့Beykoz ခရိုင်မှာ တိုက်ခိုက်မှုခံခဲ့ရတာပါ။
စတူဒီယိုအပြင်ဘက်က ကင်မရာရဲ့လုံခြုံရေးဗီဒီယိုမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ဦးဟာ သေနတ်နဲ့ မပစ်ခင် ဆာဟတ်အခင်ရဲ့အနားကို လျင်မြန်စွာရောက်ရှိလာခဲ့တယ်လို့ ပြသထားပါတယ်။ ဒီနောက်မှာ မျက်နှာဖုံးစွပ်ထားတဲ့သူဟာ ဆိုင်ကယ်နဲ့ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာ ဆာဟတ်အကင်ကို စစ်ဆေးမှုတွေပြုလုပ်ဖို့ လူတစ်ဦးပြေးလာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဆာဟတ်အကင်ဟာ ညာဘက်ခြေထောက်မှာ သေနတ်ပစ်ခံရတဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဟာ ဒီပစ်ခတ်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ဆာဟတ်အကင်ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိပေမယ့် ခွဲစိတ်မှုခံယူရဖို့ရှိနေတာပါ။ ဆာဟတ်အကင်ဟာ တိုက်ခိုက်မှုခံရအပြီးမှာ သွေးထွက်နေတဲ့ သူ့ရဲ့ညာဘက်ခြေထောက်ကို ရိုက်ထားတဲ့ပုံနဲ့ “သူတို့က ငါ့ရဲ့ခြေထောက်ကို ပစ်လိုက်တာ၊ ငါတို့ရဲ့နောက်ဆုံးစကားက ဖီနာဘာချီ”ဆိုပြီး သူ့ရဲ့Instagram မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။
စတုတ်နဲ့ ဘိုရိုအသင်းတွေမှာ ကစားခဲ့တဲ့ တူရကီကစားသမားဟောင်း တွန်ကေးဆန်လီဟာ ဆာဟတ်အကင်ရှိတဲ့ ဆေးရုံကို သွားရောက်ခဲ့ပြီး “သူက လက်ရှိအချိန်မှာ ကောင်းမွန်နေပေမယ့် စိတ်ဓါတ်ကျနေပြီး မနက်ဖြန်မှာ ခွဲစိတ်မှုခံယူရမယ်”လို့ ပြောခဲ့ပါတယ်။ တူရကီနိုင်ငံရေးသမား မူစတာဖာလည်း ဆေးရုံကို လာရောက်ခဲ့ပြီး ဆာဟတ်အကင် အမြန်ဆုံးပြန်ကောင်းလာဖို့ ဆုတောင်းကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဖီနာဘာချီအသင်းနဲ့ တူရကီဘောလုံးအဖွဲ့ချုပ်တို့ဟာ ဆာဟတ်အကင်ကို လက်နက်နဲ့တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။