အာဆင်နယ်အသင်းသမိုင်းမှာ အသက်အငယ်ဆုံးပွဲထွက်ကစားသူအဖြစ် စံချိန်တင်ခဲ့တဲ့ ဂျက်ပေါ်တာ
မနေ့ညက ကစားခဲ့တဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ် အာဆင်နယ်(၅-၁)ဘော်လ်တန်ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ ဂိုးသမားဂျက်ပေါ်တာဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
အင်္ဂလန်လူငယ်ဂိုးသမားဂျက်ပေါ်တာဟာ ဒီပွဲကစားတဲ့နေ့မှာ အသက်(၁၆)နှစ်၊ (၇၂)ရက်သာရှိသေးပြီး ပထမကစားသမား(၁၁)ဦးစာရင်းမှာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းသမိုင်းမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် (ပွဲထွက်ကစားသမားအဖြစ်မဟုတ်ဘဲ လူစားဝင်ကစားပြီး) စံချိန်တင်ထားသူက လူငယ်ကစားသမား အန်ဝါနရီ ဖြစ်ပြီး ၂၀၂၂ စက်တင်ဘာလက အသက်(၁၅)နှစ်၊(၁၈၁)ရက်နဲ့ စံချိန်တင်ခဲ့တာပါ။
အခု ဘော်လ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသက်(၁၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အန်ဝါနရီက အသင်းအတွက် ဂိုး(၂)ဂိုး(၃၇ ၊ ၄၉ မိနစ်)ကို သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် ကျန်ဂိုးတွေကိုတော့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်(၁၆ မိနစ်)၊ တောင်ပံကစားသမား စတာလင်(၃၇ မိနစ်)နဲ့ တိုက်စစ်မှူးကိုင်ဟာဗက်ဇ်(၇၇ မိနစ်)တို့က သွင်းယူပေးခဲ့ကြပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းနည်းပြအာတီတာအနေနဲ့ စတာလင်၊ ဂျေးဆူ၊ ဆာကာ၊ ရိုက်စ်၊ ဂျော်ဂျင်ညို၊ ကာလာဖီအိုရီ အစရှိတဲ့ကစားသမားတွေကိုသာ ပွဲထွက်အသုံးပြုပြီး ဂိုးသမားအပါအဝင် ကျန်နေရာတွေမှာ လူငယ်ကစားသမားအများစုကို ပွဲထွက်အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။