ဖိအားတွေတိုးနေပေမယ့် ပေါ်တိုနဲ့ ဗီလာပွဲတွေကို တန်ဟတ်ဆက်ပြီး ကိုင်တွယ်ရဖွယ်ရှိ
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ဖိအားတွေတိုးနေပေမယ့် လာမယ့်အရေးကြီးပွဲစဉ်တွေဖြစ်တဲ့ ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်၊ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူနိုက်တက်အသင်းကို ဆက်ပြီးကိုင်တွယ်ရဖွယ်ရှိနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့အတူ ပရီးမီးယားလိဂ်အိမ်ကွင်း(၂)ပွဲဆက်တိုက် (ဝ-၃)ဂိုးရလဒ်တွေနဲ့ အရှုံးပေးထားခဲ့ရတာပါ။
အဲ့ဒါကြောင့် နည်းပြအဲရစ်တန်ဟတ်ကို မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ဖို့တောင်းဆိုမှုတွေဟာ ပိုပြီးများပြားလာခဲ့တာဖြစ်ပါတယ်။ နည်းပြ အဲရစ်တန်ဟတ်ကတော့ သူဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့်အကြောင်းကို တွေးနေမှာမဟုတ်ဘဲ သူနဲ့အတူ အသင်းပိုင်ရှင်တွေဟာ တူညီတဲ့ စာမျက်နှာတစ်ခုတည်းပေါ်မှာရှိတယ်လို့ စပါးအသင်းနဲ့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ကလပ် CEO ဘာရာဒါက သူတို့ဟာ အဲရစ်တန်ဟတ်အပေါ် အပြည့်အဝထောက်ခံတယ်လို့ ပြီးခဲ့တဲ့လက ပြောထားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေဆိုးနေပေမယ့် ကလပ်အသင်းအကြီးအကဲတွေက နည်းပြရာထူးကို ချက်ချင်းပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ The Telegraph က ဖော်ပြထားတာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ လက်ရှိအချိန်ထိ မန်ယူနိုက်တက်အသင်းအကြီးအကဲတွေရဲ့ထောက်ခံမှုကို ရရှိထားပေမယ့် လာမယ့်အောက်တိုဘာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ကစားမယ့် ပေါ်တို၊အက်စတွန်ဗီလာအသင်းနဲ့ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့လိုအပ်နေတာပါ။ ဒီလိုမှမဟုတ်ရင် အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာဖြစ်တယ်လို့ သုံးသပ်ထားကြတာဖြစ်ပါတယ်။