ဆွန်ဟောင်မင် သာပါရင် စပါးက မန်ယူနိုက်တက်ကို (၆)ဂိုးအထိ သွင်းနိုင်မယ်လို့ ဂျေမီရက်နက်ပ် သုံးသပ်

0

မနေ့က မန်ယူနိုက်တက်(ဝ-၃) စပါး ပရီးမီးယားလိဂ်ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်သာ ပါဝင်နိုင်ခဲ့ရင် စပါးအသင်းဟာ အိုးထရက်ဖိုဒ့်မှာ (၆)ဂိုးအထိ သွင်းယူနိုင်မယ်လို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂျေမီရက်နက်ပ်က သုံးသပ်ခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ စပါးအသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် နည်းပြ ပိုစတီကိုဂလူးဟာ သူ့ရဲ့နေရာမှာ ဂျာမနီတောင်ပံကစားသမား တီမိုဝါနာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ရတာပါ။

ဒီပွဲမှာ တီမိုဝါနာဟာ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာနဲ့ တစ်ဦးချင်းထိပ်တိုက်တွေ့တဲ့ အနေအထားတွေမှာ ဂိုးဝင်အောင်မသွင်းနိုင်ခဲ့သလို အခွင့်အရေးအချို့ကိုလည်း လွဲချော်ခဲ့တာပါ။ အဲ့ဒါကြောင့် ဂျေမီရက်နက်ပ်က ဆွန်ဟောင်မင်သာ ပါဝင်နိုင်ရင် စပါးအသင်းဟာ မန်ယူနိုက်တက်အသင်းကို ဂိုးဒါစင်ဝက်လောက်သွင်းယူနိုင်မယ်လို့ Sky Sports မှာ ပြောခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဆွန်ဟောင်မင် မပါဝင်နိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းကို အကောင်းဆုံးထိန်းချုပ်ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။

စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၈)နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး အဆင့်(၁)နေရာက လီဗာပူးလ်အသင်းနဲ့ (၅)မှတ်သာ ကွာဟတော့တာပါ။ မန်ယူနိုက်တက်အသင်းကတော့ ရလဒ်ဆိုးတွေနဲ့အတူ အမှတ်ပေးဇယားအဆင့်(၁၂)နေရာကို ရောက်ရှိသွားခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်အတွက်လည်း ဖိအားတွေအများကြီးတိုးသွားခဲ့ပါတယ်။ အဲရစ်တန်ဟတ်ကတော့ သူဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့်အကြောင်းကို မတွေးဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုထားခဲ့တာပါ။

လာမယ့် ကြားရက်ထဲမှာ မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ယူရိုပါလိဂ်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ယူနိုက်တက်အသင်းက ပေါ်တို၊စပါးအသင်းက ဗီရန်စီဗာရို့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *