နေအိမ်ရေကူးကန်ထဲမှာ အသက်မဲ့ခန္ဓာကိုယ်နဲ့ လူ့ဘဝကို စွန့်ခွာသွားတဲ့ ဂျော့ချ်ဘဲလ်ဒေါက်
ဂရိကလပ် ပါနာသီနိုင်းကို့စ်အသင်းမှာ ကစားနေတဲ့ အင်္ဂလန်နောက်ခံလူ ဂျော့ချ်ဘဲလ်ဒေါက်(၃၁ နှစ်)ဟာ အေသင်မြို့က သူရဲ့နေအိမ်မှာရှိတဲ့ ရေကူးကန်ထဲမှာ ရေနစ်သေဆုံးနေပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကကို စွန့်ခွာသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတူ ကစားခဲ့ဖူးတဲ့ ဘဲလ်ဒေါက်ဟာ နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။
သူ့ရဲ့ဇနီးဖြစ်သူက အင်္ဂလန်နိုင်ငံကို ခေတ္တပြန်ရာကနေ ဂရိနိုင်ငံကို ပြန်လည်ရောက်ရှိလာရာမှာ ဘဲလ်ဒေါက်ကို ဖုန်းနဲ့ခေါ်ဆိုဆက်သွယ်လို့ မရဖြစ်ခဲ့ပါတယ်။
ဒါကြောင့် သူတို့နေထိုင်တဲ့အိမ်ရဲ့ပိုင်ရှင်ဖြစ်သူထံ အကြောင်းကြားပြီး နေအိမ်ကိုဝင်ရောက်ရာမှာ ရေကူးကန်အတွင်း ရေနစ်နေတဲ့ ဘဲလ်ဒေါက်ကို တွေ့ခဲ့ရတာပါ။ ဒါကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းခေါ်ယူခဲ့ရာမှာ (၉)မိနစ်အတွင်း ရောက်ရှိလာပေမယ့် ဘဲလ်ဒေါက်ကိုတော့ အသက်ကယ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ရှက်ဖီးလ်ယူနိုက်တက်အသင်းမှာ (၇)ရာသီကြာကစားခဲ့တဲ့ ဘဲလ်ဒေါက်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပါနာသီနိုင်းကို့စ်အသင်းကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။
ဘဲလ်ဒေါက်ရဲ့ရုတ်တရက် ကွယ်လွန်မှုအတွက် သူနဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ချယ်လ်ဆီးနောက်ခံလူ ဘင်ချီဝဲလ်အပါအဝင် အင်္ဂလန်က ကစားသမားများစွာက စိတ်မကောင်းကြောင်း ဝမ်းနည်းခြင်းသဝဏ်လွှာတွေကို ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။
ဘဲလ်ဒေါက်ရဲ့အဖြစ်ဆိုးကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဒီည အင်္ဂလန်အသင်းနဲ့ ကစားမယ့် UEFA Nations League ပွဲစဉ်မှာ အမည်းရောင်လက်ပတ်တွေ ဝတ်ဆင်ကစားသွားမယ်လို့ ဂရိလက်ရွေးစင်အသင်းက ကြေညာထားပါတယ်။