(၁၈)နှစ်ကြာမှ အင်္ဂလန်လက်ရွေးစင်ဖြစ်ကြောင်း တရားဝင်အသိအမှတ်ပြုခံရမယ့် ကာ့တ်လန်
လီဗာပူးလ်အသင်းရဲ့ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ခရစ္စကာ့တ်လန်ဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် နှစ်ပေါင်း(၁၈)နှစ်ကြာမှ တရားဝင်အသိအမှတ်ပြုခံရတော့မှာဖြစ်ပါတယ်။
ဒီနေ့ည ကစားမယ့် UEFA Nations League ပွဲစဉ် အင်္ဂလန်-ဂရိပွဲမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အသက်(၄၃)နှစ်အရွယ်ရှိ ကာ့တ်လန်ကို ဖိတ်ကြားထားပြီး အင်္ဂလန်လက်ရွေးစင်ဖြစ်ခဲ့ကြောင်း အသိအမှတ်ပြု cap ဦးထုပ်ပေးဖို့ စီစဉ်ထားပါတယ်။
တကယ်တော့ ကာ့တ်လန်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ ပွဲတစ်ဝက်သာ ကစားခဲ့ဖူးသူပါ။ ၂၀၀၆ သြဂုတ်လက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်(၄-ဝ)ဂရိ ခြေစမ်းပွဲမှာ ကာ့တ်လန်ဟာ လူစားဝင်ကစားသမားအဖြစ် (၄၅)မိနစ်ပါဝင်ကစားခွင့်ရခဲ့တာပါ။
ဒီပွဲဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ တစ်ခုတည်းသော နိုင်ငံတကာပွဲလည်းဖြစ်ပါတယ်။ ဒါပေမယ့် FA ရဲ့ချွတ်ချော်အားနည်းမှုကြောင့် ကာ့တ်လန်ဟာ အင်္ဂလန်နိုင်ငံကိုယ်စားပြုကစားသမားတွေကို ပေးအပ်တဲ့ ဦးထုပ်ကို တစ်ခါမှ ရရှိခဲ့ခြင်းမရှိပါဘူး။
ဒါကို သူကတစ်ကြိမ်မှ မတောင်းဆိုခဲ့သလို FA ကလည်း ပျက်ကွက်မှုကို သတိမထားမိခဲ့ပါဘူး။ ဘောလုံးကွင်းပြင်ပမှာ ပညာတတ်တစ်ဦးအဖြစ် ကြိုးစားခဲ့တဲ့ ကာ့တ်လန် ဒသနိကဗေဒဆိုင်ရာပါရဂူဘွဲ့ရတော့မှ FA က ဒါကို သတိထားမိခဲ့ပါတယ်။
Edge Hill တက္ကသိုလ်က ဝန်ထမ်းတစ်ဦးက ဒေါက်တာကာ့တ်လန်အနေနဲ့ အင်္ဂလန်လက်ရွေးစင်ဖြစ်ဖူးပေမယ့် Cap ကို မပိုင်ဆိုင်ဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အခုတော့ FA က ၂၀၀၆ ခုနှစ်က ဂရိနဲ့ပွဲမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကာ့တ်လန်ကို ဒီည ဂရိနဲ့ပွဲမတိုင်မီ လက်ရွေးစင်အသိအမှတ်ပြု Cap ပေးအပ်ဖို့ စီစဉ်ထားပြီး သူ့အနေနဲ့ အင်္ဂလန် Cap ကို ရရှိတဲ့ (၁၁၁၄)ယောက်မြောက် ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။