အဝတ်လဲခန်းထဲမှာ မန်ယူနိုက်တက်ကစားသမားတချို့ ယုံကြည်မှုပျောက်ဆုံးမှုကိုခံနေရတဲ့ တန်ဟတ်

0

မန်ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟတ်ဟာ အသင်း အဝတ်လဲခန်းထဲမှာ အဓိကတိုက်စစ်မှူးရပ်ရှ်ဖို့ဒ်အပါအဝင် ကစားသမားအတော်များများရဲ့ယုံကြည်မှုပျောက်ဆုံးမှုကို ခံနေရကြောင်း ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

အသင်းရဲ့ပွဲစဉ်တချို့မှာ တန်ဟတ်ရဲ့ဆုံးဖြတ်ချက်တွေအပေါ် ကစားသမားတချို့က သဘောမတွေ့ဖြစ်နေကြကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ယူရိုပါလိဂ်ပွဲစဉ်ပေါ်တို(၃-၃)မန်ယူနိုက်တက်ပွဲမှာ ခြေစွမ်းပြဂိုးသွင်းပေးနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ပထမပိုင်းတစ်ပိုင်းသာ ကစားစေပြီး ဒုတိယပိုင်းအစမှာ လူစားလဲခဲ့တဲ့ တန်ဟတ်ရဲ့ဆုံးဖြတ်ချက်အပေါ် ကာယကံရှင်ရပ်ရှ်ဖို့ဒ်အပါအဝင် မန်ယူနိုက်တက်ကစားသမားအတော်များများက အံအားသင့်နေကြကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီပွဲမှာ အသင်းရဲ့နောက်တန်း ခံစစ်ဗဟိုကစားသမား(၂)ဦးကို မလိုအပ်ဘဲ (၂)ဦးစလုံးလူစားလဲခဲ့တဲ့အပေါ်မှာလည်း မန်ယူနိုက်တက် ကစားသမားတွေအကြား ပဟေဠိဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်နေကြကြောင်း သိရပါတယ်။

တန်ဟတ်က လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဒီလစ်တို့ကို ဒုတိယပိုင်းပွဲချိန် (၇၈)မိနစ်မှာ မက်ဂွဲယား၊ အီဗန်စ်တို့နဲ့ လူစားလဲခဲ့တာပါ။ ဒီပွဲက တန်ဟတ်ရဲ့လူစားလဲတဲ့လုပ်ရပ်တွေကို ဘောလုံးဝေဖန်သူတချို့ကလည်း ဝေဖန်ပြောဆိုခဲ့တာတွေရှိခဲ့ပါတယ်။

ဒီပွဲအပါအဝင် နည်းပြဖြစ်သူရဲ့လုပ်ဆောင်ချက်တချို့အပေါ် မန်ယူနိုက်တက်ကစားသမားတွေက သဘောမတွေ့ဖြစ်နေပြီး အသင်းရဲ့အဝတ်လဲခန်းထဲမှာ အချင်းချင်းမကျေနပ်မှုတွေကို ပြောဆိုနေကြကြောင်း၊ တန်ဟတ်အနေနဲ့ ကစားသမားတွေအကြား ယုံကြည်နားလည်မှုပြန်တည်ဆောက်ဖို့ လိုအပ်နေကြောင်း မန်ယူနိုက်တက်အသင်းကင်းထောက်ဟောင်း မစ်ဘရောင်းရဲ့ပြောဆိုမှုကို ကိုးကားပြီး ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *