မြန်မာ (၂-၀) သီရိလင်္ကာ
(နိုင်ငံတကာ ခြေစမ်းပွဲ)
လက်ရှိဖီဖာကမ္ဘာ့အဆင့်(၁၆၇)မှာ ရပ်တည်နေတဲ့ မြန်မာအသင်းနဲ့ ဖီဖာကမ္ဘာ့အဆင့်(၂၀၀)မှာ ရပ်တည်နေတဲ့ သီရိလင်္ကာတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အဆင့်(၃၃)ဆင့်မြင့်တဲ့ မြန်မာအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းနည်းပြဦးမျိုးလှိုင်ဝင်းက တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ နန္ဒကျော်၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်းမှာ ဇော်ဝင်းသိန်း၊ ကျော်မင်းဦး၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ ရှေ့တန်းမှာ သန်းပိုင်၊ ဟိန်းထက်အောင်၊(ဂိုး)ပြည့်ဖြိုးသူတို့နဲ့ ပွဲထွက်ကစားခဲ့ပါတယ်။
သီရိလင်္ကာအသင်းဟာ သူတို့ထုံးစံအတိုင်း လူကောင်ကြီးပြီး ကြံ့ခိုင်မှုပိုင်းသာပေမယ့် လေးလေးလံလံသာ ကစားသွားပြီး မြန်မာအသင်းအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲမဖြစ်ခဲ့တာတော့ အမှန်ပါပဲ။
ဒုတိယပိုင်းမှာ မြန်မာအသင်းလူစားဝင် တိုက်စစ်မှူးဝင်းနိုင်ထွန်းရဲ့ကြိုးပမ်းမှုတွေသာ ဂိုးဖြစ်ခဲ့ရင် ဒီထက်ဂိုးပိုပြတ်နိုင်မှာဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို ပထမပိုင်းပွဲချိန်(၁၆)မိနစ်မှာ လွင်မိုးအောင်၊ (၅၃)မိနစ်မှာ မောင်မောင်လွင်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းအတွက် ဝင်းနိုင်ထွန်း၊ ဝေလင်းအောင်၊ ဆောင်လမန်၊ ရဲရင့်အောင်အစရှိတဲ့ အရန်ကစားသမားတွေကို ထည့်သွင်းခဲ့ပေမယ့် ကစားပုံမကျသွားဘဲ သီရိလင်္ကာအသင်းကို ကောင်းကောင်းဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာအသင်းအနေနဲ့ ခြေစွမ်း၊ ဘောလုံးအဆင့်အတန်းနိမ့်တဲ့ သီရိလင်္ကာအသင်းနဲ့ ကစားခဲ့တဲ့ပွဲဖြစ်တာကြောင့် အသာစီးရခဲ့တာဖြစ်ပြီး အခြားအသင်းတွေနဲ့ဆိုရင်တော့ ဒီလို အသာစီးက ကစားနိုင်အောင် အများကြီး ကြိုးစားရဦးမှာဖြစ်ပါတယ်။
ဒီပွဲအနိုင်ကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ဖြစ်တဲ့ ၂၀၂၃ အောက်တိုဘာလက မကာအိုအသင်းကို အနိုင်ရခဲ့ပြီးနောက်ပိုင်း (၇)ပွဲဆက် နိုင်ပွဲပျောက်(၅ ပွဲရှုံး၊ ၂ ပွဲသရေ)နေတဲ့ မြန်မာအသင်းအနေနဲ့ တစ်နှစ်အတွင်း ပထမဆုံးနိုင်ပွဲကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Photo: MFF