အင်္ဂလန်အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ ကိုးလ်ပါမား
ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါမားဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ချီးမြှင့်တဲ့ အင်္ဂလန်အကောင်းဆုံး(အမျိုးသား)ဘောလုံးသမားဆု(England’s Player of the Year)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
၂၀၂၃-၂၄ ခုနှစ်အတွက် ချီးမြှင့်တဲ့ဆုကို ကိုးလ်ပါမားက ဆွတ်ခူးခဲ့တာဖြစ်ပြီး နာမည်ကျော်အင်္ဂလန်အသင်းဖော်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဆာကာတို့ကို အသာရပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။
ဒီဆုကို အင်္ဂလန်ပရိသတ်တွေက အွန်လိုင်းကတစ်ဆင့်မဲပေးရွေးချယ်ကြတာဖြစ်ပြီး ၂၀၀၃ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ကိုးလ်ပါမားအနေနဲ့ အင်္ဂလန်အကောင်းဆုံး(အမျိုးသား)ဘောလုံးသမားဆုဆွတ်ခူးခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့တစ်နှစ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲကစားချိန်က အတော်ကိုနည်းပါးခဲ့ပါတယ်။
၂၀၂၃ နိုဝင်ဘာလမှ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ်ခံခဲ့ရတဲ့ ကိုးလ်ပါမားဟာ လက်ရွေးစင်အသင်းအတွက် (၉)ပွဲသာကစားဖူးသူဖြစ်ပြီး ဒီအထဲက (၂)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သူပါ။
အင်္ဂလန်အသင်း ဒုတိယဆုဆွတ်ခူးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ကိုးလ်ပါမားအနေနဲ့ ပွဲကစားချိန်စုစုပေါင်း(၁၄၄)မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် ကိုးလ်ပါမားအနေနဲ့ သူ့ရဲ့ကလပ် ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ဂိုးတွေများစွာသွင်းယူပေးနေသလို၊ ဂိုးဖန်တီးမှုများစွာလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ကိုးလ်ပါမားဟာ ၂၀၁၀ ခုနှစ်က ဒီဆုကို ဆွတ်ခူးခဲ့တဲ့အင်္ဂလန်နောက်ခံလူအက်ရှ်လေကိုးလ်နောက်ပိုင်း ဒီဆုကိုရရှိတဲ့ ပထမဆုံးချယ်လ်ဆီးကစားသမားဖြစ်ပါတယ်။