ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲအဖြစ် ယာဂန်ကလော့ပ် ခန့်အပ်ခံရ
ပြီးခဲ့တဲ့ရာသီအကုန်က လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်ဟာ ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အသက်(၅၇)နှစ်အရွယ်ရှိ ယာဂန်ကလောပ့်ဟာ ဒီရာထူးကို ၂၀၂၅ ဇန်နဝါရီ(၁)ရက်က စတင်တာဝန်ယူသွားမှာပါ။
ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေရရှိခဲ့တာကို ငြင်းပယ်ခဲ့ပေမယ့် ရက်ဘူးလ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ အားဖြည့်အချိုရည်အမှတ်တံဆိပ်ဖြစ်တဲ့ ရက်ဘူးလ်ဟာ ဘွန်ဒစ်လီဂါက လိုက်ပ်ဇစ်အသင်း၊သြစတြီးယားကလပ် ဆဲလ်ဘတ်၊မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဘူးလ်နဲ့ ဘရာဇီးလ်ကလပ် ဘရာဂန်တီနိုအသင်းတို့ကို ပိုင်ဆိုင်ထားသလို ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းရဲ့အစိတ်အပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ယာဂန်ကလော့ပ်ဟာ ဒီအသင်းတွေအားလုံးကို နည်းပြ၊အတွေးအခေါ်၊အပြောင်းအရွှေ့တွေနဲ့ အခြားအရာတွေအပေါ် အကြံပေးသွားမှာပါ။
ယာဂန်ကလော့ပ်က “ကျွန်တော်ဟာ (၂၅)နှစ်နီးပါး ကွင်းဘေးမှာရှိခဲ့ပြီး ဒီလိုပရောဂျက်မှာပါဝင်ဖို့အတွက် ကျွန်တော်ပိုပြီးစိတ်လှုပ်ရှားမနေနိုင်ပါဘူး။ ရက်ဘူးလ်မှာရှိနေတဲ့ မယုံကြည်နိုင်လောက်တဲ့ ဘောလုံးစွမ်းရည်တွေကို ဒီထက်ပိုပြီးတိုးတက်အောင် ပံ့ပိုးပေးချင်ပါတယ်”လို့ ခန့်အပ်ခံရပြီးနောက် ပြောခဲ့ပါတယ်။
ဂျာမန်မီဒီယာတွေကတော့ ယာဂန်ကလော့ပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီအသင်းနည်းပြရာထူးကို ရရှိခဲ့မယ်ဆိုရင် ရက်ဘူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပျက်ပြယ်နိုင်တဲ့ အချက်တွေရှိတယ်လို့ ဖော်ပြထားပါတယ်။