ACL ဒူးဒဏ်ရာနှိပ်စက်မှုဒဏ်ခံနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်း
စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကို ဒီနှစ်ပိုင်းမှာ အဓိကနှိပ်စက်လာတဲ့ ဒဏ်ရာက ACL လို့ အများသိကြတဲ့ (Anterior Cruciate Ligament)ဒဏ်ရာပါ။
ဒီဒဏ်ရာက ဒူးခေါင်းအတွင်းပိုင်းက အရွတ်စုတ်ပြဲတဲ့ဒဏ်ရာဖြစ်ပြီး ဒီဒဏ်ရာရရှိသူ ကစားသမားတွေအနေနဲ့ ရက်အနည်းငယ်သာမဟုတ်ဘဲ ကာလရှည်အနားယူရတဲ့ ဒဏ်ရာဖြစ်ပါတယ်။
ဒီဒဏ်ရာကို ရီးရဲလ်မက်ဒရစ်အသင်းမှာ နောက်ဆုံးခံစားရသူက စပိန်နောက်ခံလူ ကာဗာဟယ်လ်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်(၂-ဝ)ဗီလာရီးရဲလ်ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ယှဉ်ပြီး ဘောလုံးကိုလုကန်ရာမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တာပါ။
ဒီဒဏ်ရာကြောင့် ကာဗာဟယ်လ်အနေနဲ့ ဒီရာသီတစ်ရာသီလုံးကို လွဲချော်ဖို့ သေချာသလောက်ရှိသွားစေခဲ့ပါတယ်။ ကာဗာဟယ်လ်ဟာ ပြီးခဲ့တဲ့ရာသီအစက စပြီးရီးရဲလ်မက်ဒရစ်အသင်းမှာ ဒီ ACL ဒဏ်ရာကို ခံစားရတဲ့ (၅)ဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
သူ့ရှေ့မှာ ဒီဒဏ်ရာရရှိသူတွေက ဂိုးသမားကော်တိုအာ၊ နောက်ခံလူတွေဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူ မီလီတာအို၊ သြစတြီးယားနောက်ခံလူ အလာဘာ၊ စပိန်လူငယ်နောက်ခံလူ ဟွမ်မာတီနက်ဇ်အစရှိသူတွေဖြစ်ပြီး ဒီကစားသမားတွေအားလုံး ဒီ ACL ဒဏ်ရာကြောင့် အသင်းမှာ ကာလကြာရှည်အနားယူခဲ့ရပါတယ်။
လက်ရှိမှာ မန်စီးတီးအသင်းရဲ့စပိန်ကွင်းလယ်လူရိုဒရီလည်း ဒီလို ACL ဒဏ်ရာကြောင့်ပဲ ခွဲစိတ်ကုသမှုခံခဲ့ရပြီး ဒီတစ်ရာသီလုံးကို လွဲချော်ရတော့မယ့် အခြေအနေရှိနေပါတယ်။ ဒါကြောင့် ယူရိုချန်ပီယံ စပိန်လက်ရွေးစင်အသင်းအနေနဲ့လည်း အသင်းရဲ့အဓိက ကစားသမား(၂)ဦးကို ACL ဒဏ်ရာကြောင့် ကာလရှည်လက်လွှတ်ရတော့မှာပါ။
ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဟာဗာဟယ်လ်နေရာကို အစားထိုးဖို့ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ကို ပစ်မှတ်ထားနေပြီး ဒီဇန်နဝါရီမှာ အရခေါ်ယူဖို့ မက်မောလောက်ဖွယ်ကြေးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါကြောင့် ကစားသမားတွေကို အကြီးမားဆုံးခြိမ်းခြောက်တတ်တဲ့ ACL ဒဏ်ရာက ကာဗာဟယ်လ်ရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ စောစောစီးစီးအဆုံးသတ်သွားအောင် ဒုက္ခပေးဦးမလားဆိုတာကတော့ ကြည့်ရဦးမှာပါ။