ဂျူဗင်တပ်စ်နဲ့ လမ်းခွဲပြီးနောက် ဘယ်အသင်းနဲ့ ပေါ့ဘာပြန်လာမလဲ
လာမယ့် ၂၀၂၅ မတ်လအတွင်းမှာ ဘောလုံးပြန်ကစားခွင့်ရတော့မယ့် ပြင်သစ်ကွင်းလယ်လူပေါ့ဘာဟာ သူ့ရဲ့ကလပ် ဂျူုဗင်တပ်စ်အသင်းနဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
ပေါ့ဘာရဲ့(၄)နှစ်ပွဲပယ်ပြစ်ဒဏ်ကို နိုင်ငံတကာအားကစားခုံရုံး(CAS)က (၁၈)လအထိ လျှော့ချပေးခဲ့တာကြောင့် သူ့အနေနဲ့ လာမယ့်နှစ် ဇန်နဝါရီလမှာ လေ့ကျင့်ခွင့်ပြန်လည်ရရှိမှာဖြစ်ပြီး နောက်(၂)လအကြာမှာ ဘောလုံးပြန်ကစားခွင့်ရရှိမှာပါ။
ဒါပေမယ့် ပေါ့ဘာဟာ သူ့ရဲ့အရင်အသင်း ဂျူဗင်တပ်စ်နဲ့ ဘောလုံးလောကကို ပြန်လာမှမဟုတ်ဘဲ ဒီအသင်းနဲ့စာချုပ်ကို အဆုံးသတ်ဖို့ စီစဉ်နေတာပါ။ ပေါ့ဘာနဲ့ ဂျူဗင်တပ်စ်အသင်းချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ နွေရာသီမှ သက်တမ်းကုန်ဆုံးမှာပါ။
ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲပြီး အခြားဘယ်အသင်းကို ပြောင်းရွှေ့ကစားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းက ဥရောပအသင်းမဟုတ်ဘဲ မေဂျာလိဂ်က လော့စ်အိန်ဂျလိစ် FC အသင်းဖြစ်ပါတယ်။
စပါးဂိုးသမားဟောင်းလိုရစ်နဲ့ အေစီမီလန်တိုက်စစ်မှူးဟောင်း ဂျရူးတို့ ကစားနေတဲ့ လော့စ်အိန်ဂျလိစ် FC အသင်းမှာ သူ့ရဲ့ပြင်သစ်လက်ရွေးစင်အသင်းဖော်ဟောင်းတွေနဲ့ ပြန်လက်တွဲဖို့ ပေါ့ဘာရွေးချယ်ဖို့များနေပါတယ်။
တကယ်လို့ ဒီအသင်းကို မရောက်ဖြစ်ရင် ဆော်ဒီဘောလုံးလောကကို ပေါ့ဘာတစ်ယောက်ခြေချဖို့ သေချာနေကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြနေတာကြောင့် အသက်(၃၁)နှစ်အရွယ် ပေါ့ဘာကို ဥရောပမှာ ပရိသတ်တွေ ပြန်မတွေ့မြင်ရဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။