ပြင်သစ်လက်ရွေးစင်အသင်းကို အဆန်းပြားဆုံးဒီဇိုင်းနဲ့ ရောက်လာတဲ့ ကိုနာတေး

0

နိုင်ငံတကာရက်သတ္တပတ်ရောက်တိုင်း ပြင်သစ်လက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးစခန်းကို ပြင်သစ်လက်ရွေးစင်ကစားသမားတွေ ဖက်ရှင်ပြပွဲတစ်ခုကိုလာသလို ထူးထူးခြားခြား ဝတ်စုံဒီဇိုင်းတွေဝတ်ဆင်လာတာက အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။

ပြင်သစ်နိုင်ငံ၊ ပါရီမြိုနဲ့ ကီလိုမီတာ(၅၀)အကွာက ကလာရင့်ဖောင်တိန်လေ့ကျင့်ရေးစခန်းအဝင်ဝမှာ ဓါတ်ပုံသတင်းထောက်တွေ ခြေချင်းလိမ်ပြီး ပြင်သစ်အသင်းနဲ့ လာရောက်ပူးပေါင်းတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားတွေကို အကယ်ဒမီပွဲတက်သူတွေလို ဓါတ်ပုံတွေရိုက်ကူးနေတာလည်း ပုံမှန်လိုဖြစ်နေပါပြီ။

ကမ္ဘာပေါ်မှာ ပါရီမြို့က ဖက်ရှင်မြို့လို့ နာမည်ကြီးသလို ဒီမြို့က ဘောလုံးအကယ်ဒမီကို လာရောက်ပူးပေါင်းကြတဲ့ ပြင်သစ်ဘောလုံးသမားအသီးသီးကလည်း ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ ပရိသတ်တွေကို ဆွဲဆောင်နေပါတယ်။

ဒီတစ်ပတ်မှာတော့ လီဗာပူးလ်အသင်းရဲ့ပြင်သစ်နောက်ခံလူကိုနာတေးက အဆန်းပြားဆုံးဒီဇိုင်းကို ပြသခဲ့ပြီး ပြင်သစ်ဘောလုံးသမားတွေထဲမှာ အထူးခြားဆုံးဖြစ်ခဲ့ပါတယ်။

မျက်နှာပေါ်မှာ အစိမ်းရောင်မျက်နှာဖုံးကိုစွပ်ပြီး ကားအမည်းပေါ်က ဆင်းလာတဲ့ ကိုနာတေးကို အစောပိုင်းမှာ ဘယ်သူဘယ်ဝါမှန်းမသိရတာကြောင့် မီဒီယာတချို့က လူမှားဖော်ပြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ကိုနာတေးကို ဘာစီလိုနာနောက်ခံလူ ခွန်ဒဲနဲ့ မှားယွင်းဖော်ပြခဲ့တဲ့ ဆိုရှယ်သတင်းမီဒီယာတချို့ရှိခဲ့ပြီး ခွန်ဒဲကလည်း ဒီလို အလွန်ဆန်းပြားတဲ့ဝတ်စုံတွေ ဝတ်ဆင်ခဲ့ဖူးသူပါ။ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်တွေမှာ ခွန်ဒဲ ဝတ်စားဆင်ယင်လာပုံက ကျားကျားယားယားမဟုတ်ဘဲ နွဲ့နွဲ့နှောင်းနှောင်းဖြစ်နေလို့ ဂေးတစ်ဦးနဲ့ တူနေတယ်လို့ လှောင်ပြောင်မှုတွေ ရှိခဲ့ပါတယ်။

ဆန်းသထက်ဆန်း ထူးခြားသထက်ထူးခြားတဲ့ သွင်ပြင်ဒီဇိုင်းတွေနဲ့ ပြင်သစ်ဘောလုံးသမားတွေရဲ့ဖက်ရှင်တွေက နိုင်ငံတကာဘောလုံးလောကရဲ့ အစဉ်အလာထုံးစံတစ်ခုလိုဖြစ်လာပြီး ပရိသတ်တွေအတွက်လည်း စိတ်ဝင်စားစရာဖျော်ဖြေမှုတစ်ခုဖြစ်နေတာတော့ အမှန်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *