မြန်မာ(ဝ-၀)သီရိလင်္ကာ(နိုင်ငံတကာခြေစမ်းပွဲ)

0

မြန်မာအသင်းက သီရိလင်္ကာနဲ့ နောက်(၃)ရက်အကြာမှာ ထပ်ကစားတဲ့ ဒုတိယမြောက်ခြေစမ်းပွဲမှာတော့ ဂိုးပေါက်ပျောက်ခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပထမပွဲမှာ (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့အသင်းကို ဒုတိယပွဲမှာမြန်မာအသင်းအနေနဲ့ အနိုင်မကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ပထမပွဲက ပွဲထွက်လူစာရင်းအတိုင်းပဲ ဒုတိယပွဲမှာလည်း အပြောင်းအလဲမရှိ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

နောက်တန်းမှာ နန္ဒကျော်၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်းမှာ ဇော်ဝင်းသိန်း၊ ကျော်မင်းဦး၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ ရှေ့တန်းမှာ သန်းပိုင်၊ ဟိန်းထက်အောင်၊(ဂိုး)ပြည့်ဖြိုးသူတို့နဲ့ ပွဲထွက်ကစားခဲ့ပါတယ်။

တကယ်ဆိုရင် မြန်မာအသင်းနည်းပြသစ်အနေနဲ့ ရှားရှားပါးပါးကစားခွင့်ရတဲ့ ခြေစမ်းပွဲ(၂)ပွဲမှာ မတူညီတဲ့ကစားသမားတွေကို ပွဲထုတ်ပြီး ကစားကွက်စမ်းသပ်ကစားသင့်ပေမယ့် ပထမအသင်းကို တစ်ဦးတစ်ယောက်တောင် အပြောင်းအလဲမလုပ်ခဲ့တဲ့အတွက် ဆိုရှယ်မီဒီယာမှာ ပရိသတ်တချို့ဆီက မချင့်မရဲ ဝေဖန်မှုတွေကိုလည်းတွေ့ခဲ့ရပါတယ်။

ပထမပွဲမှာ ဂိုးအခွင့်အရေးတွေအတော်များများရခဲ့ပေမယ့် ဒုတိယပွဲမှာတော့ မြန်မာအသင်းအနေနဲ့ သီရိလင်္ကာကို ထိထိရောက်ရောက်မထိုးဖောက်နိုင်ခဲ့ဘဲ အချိန်ကုန်ခဲ့ရပါတယ်။

ပွဲချိန်(၁၉)မိနစ်မှာ သီရိလင်္ကာအသင်းက ဝါးလုံးထိုးကန်ခဲ့တဲ့ ဘောလုံးကို ဂိုးသမား ပြည့်ဖြိုးသူသာ မပုတ်ထုတ်နိုင်ခဲ့ရင် ပွဲအဖြေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

သီရိလင်္ကာအသင်းက ပထမပွဲကထက် ပိုကောင်းတဲ့ခြေစွမ်းနဲ့ ဘောလုံးကို ခြေထဲ အချိန်များများကိုင်ကစားပြီး မြန်မာအသင်းကို ဖိကစားနိုင်ခဲ့သလို၊ ဂိုးရဖို့ ပိုမိုနီးစပ်တဲ့ ထိုးဖောက်မှုတွေကိုလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပွဲချိန်(၆၉)မိနစ်မှာ မြန်မာကွင်းလယ်လူလွင်မိုးအောင် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ မြန်မာအသင်းအနေနဲ့ ဒုတိယပိုင်း မိနစ်(၂၀)ကျော်ကိုတစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

သီရိလင်္ကာအသင်းနဲ့ နောက်ဆုံးတွေ့ဆုံတဲ့(၃)ပွဲမှာ (၂)ဂိုးနဲ့အထက် အသာရလဒ်တွေနဲ့ အနိုင်ကစားနိုင်ခဲ့တဲ့ မြန်မာအသင်းအနေနဲ့ ဒီပွဲမှာတော့ ဂိုးဘဲဥမကွဲခဲ့ဘဲ သရေကျခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *