ဗီလာပက်ခ် အဝတ်လဲခန်းထဲက ပြောစကားတွေကို အသံဖမ်းခံခဲ့ရတဲ့ မန်ယူနိုက်တက်အသင်း

0

ပြီးခဲ့တဲ့တစ်ပတ်က ဗီလာအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ ဗီလာပတ်ခ်ကွင်းအတွင်း ကစားခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းဟာ အဝတ်လဲခန်းအတွင်းမှာ အပြောင်အပျက်တင်ဆက်သူတစ်ဦး(Prankster)ရဲ့ အသံဖမ်းမှုကို ခံခဲ့ရပါတယ်။

ဒီ Prankster က ဒီပွဲမတိုင်မီ (၂)ရက်အလိုကတည်းက ဒီအဝတ်လဲခန်းထဲကို ခိုးဝင်ပြီး အသံဖမ်းစက်ကို ထည့်သွင်းထားခဲ့တာပါ။

ဒီပွဲမှာ ဗီလာအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး ပွဲမတိုင်မီ၊ ပထမပိုင်းအပြီးနားနေချိန်နဲ့ ပွဲအပြီးအသင်းလိုက် တွေ့ဆုံပြောစကားတွေအားလုံး အသံဖမ်းခံခဲ့ရပါတယ်။

Prankster က အသံဖမ်းတဲ့ မိုက်ကရိုဖုန်းကို ပွဲကစားတဲ့ အောက်တိုဘာ(၆)ရက်နေ့မတိုင်မီ(၂)ရက်အလိုက အဝတ်လဲခန်းအတွင်းတစ်နေရာမှာ သူဝှက်ထားခဲ့ကြောင်း၊ ပွဲကစားပြီး နောက်တစ်ရက်မှာ ဒီမိုက်ကရိုဖုန်းကို ပြန်သိမ်းဆည်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဗီလာအသင်းတာဝန်ရှိသူတွေက လုံခြုံရေးစည်းပေါက်ခဲ့တဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို အသံဖမ်းစက်ကို ထည့်သွင်းခဲ့တဲ့ Prankster က မန်ယူနိုက်တက်အသင်းပရိသတ်တစ်ဦးဖြစ်ကြောင်းလည်း ဗီလာအသင်းတာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

ဗီလာ(ဝ-၀)မန်ယူနိုက်တက်ပွဲက မန်ယူနိုက်တက်အသင်းနည်းပြတန်ဟတ်အတွက် အလွန်ကို ဖိအားများတဲ့ပွဲဖြစ်ခဲ့တာပါ။ ဒီပွဲကစားရာ ဗီလာပတ်ခ်ကွင်းအတွင်း မန်ယူနိုက်တက်အသင်းရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်အပါအဝင် အသင်းထိပ်တန်းတာဝန်ရှိသူတွေလာကြည့်ခဲ့ပြီး နောက်တစ်နေ့မှာ တန်ဟတ်ရဲ့အနာဂတ်အတွက် (၆)နာရီကြာဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *