Selfie ရိုက်ဖို့ ကွင်းထဲဝင်လာသူကို စီရော်နယ်ဒို လက်ခံခဲ့ပြီး လုံခြုံရေးတွေကို စောင့်ဆိုင်းစေခဲ့
မနေ့က ပိုလန်(၁-၃)ပေါ်တူဂီ UEFA Nations League ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးကို သူနဲ့ Selfie ရိုက်လို့ရအောင် လုံခြုံရေးတွေကို စောင့်ဆိုင်းစေခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ သူနဲ့ Selfie ရိုက်ဖို့တောင်းဆိုခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီးနောက် လူစားလဲဖို့ ကွင်းထဲကနေ ထွက်ခွာခဲ့တာပါ။
စီရော်နယ်ဒိုဟာ ပွဲတိုင်းနီးပါး ကွင်းထဲဝင်ရောက်လာသူတွေရဲ့Selfie ရိုက်ဖို့ ကြိုးပမ်းခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဒါက သူ့အတွက်တော့ ထူးခြားတဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် စီရော်နယ်ဒိုဟာ ဒီပွဲမှာ ကွင်းထဲဝင်ရောက်လာတဲ့ ပရိသတ်ကို သူနဲ့ Selfie ရိုက်လို့ရအောင် လုံခြုံရေးတွေကို ယဉ်ကျေးစွာ ရပ်တန့်ခိုင်းခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီပွဲမှာ ပွဲချိန်(၆၃)မိနစ်အထိ ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။
ဒီသွင်းဂိုးကြောင့် စီရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝသွင်းဂိုး (၉၀၆)ဂိုးအထိ ရှိလာခဲ့ပြီး ၂၀၂၄-၂၅ Nations League ပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက (၃)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာပါ။ ပေါ်တူဂီအသင်းကလည်း ကစားပြီးတဲ့ Nations League အုပ်စုပွဲစဉ်(၃)ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် အုပ်စုပွဲစဉ်(၃)ပွဲစလုံးအရေးနိမ့်ထားတဲ့ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
စီရော်နယ်ဒိုဟာ စကော့တလန်အသင်းနဲ့ပွဲစဉ်မှာလည်း ပေါ်တူဂီအသင်းရဲ့ပွဲထွက်လူစာရင်းပါဝင်မှာဖြစ်ပေမယ့် အရန်ခုံတန်းမှာရှိတဲ့ ကစားသမားတွေကို အသုံးပြုဖို့အရေးကြီးတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ နည်းပြမာတီနက်ဇ်က ပြောခဲ့တာကြောင့် ဒီပွဲစဉ်မှာလိုပဲ ပွဲချိန်ပြည့်ပါဝင်ကစားရဖို့မရှိတာဖြစ်ပါတယ်။