အင်္ဂလန်လက်ရွေးစင် မဖြစ်ခဲ့ရပေမယ့် တစ်နေ့နေ့ အင်္ဂလန်အသင်းနည်းပြဖြစ်ဖို့ ဆန္ဒရှိနေတဲ့ အာတီတာ
အာဆင်နယ်အသင်းနည်းပြအာတီတာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ သူ့မှာ ရည်မှန်းချက်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာတီတာဟာ ကစားသမားဘဝက အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်လာဖို့ ကြိုးစားခဲ့ဖူးပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ပိတ်ပင်တားဆီးမှုကြောင့်သာ အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်ခွင့်မရခဲ့သူပါ။
အာတီတာဟာ စပိန်လက်ရွေးစင်အသင်းကြီးမှာ မကစားခဲ့ဖူးဘဲ သက်တမ်းအလိုက်အသင်းတွေဖြစ်တဲ့ စပိန်ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈၊ ယူ-၂၁ အသင်းတွေမှာသာ ကစားခဲ့ဖူးသူပါ။
ပရီးမီးယားလိဂ်ကလပ်အဲဗာတန်အသင်းမှာ ကစားသမားအဖြစ် ကစားနေစဉ် ခြေစွမ်းပြနေတဲ့သူ့ကို (ထိုစဉ်က) အင်္ဂလန်အသင်းနည်းပြ ကာပယ်လိုက အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးပါတယ်။
၂၀၁၀ ခုနှစ်အတွင်း ကာပယ်လိုနဲ့ အာတီတာတို့ ပူးပေါင်းပြီး အင်္ဂလန်အသင်းမှာ ကစားခွင့်ရဖို့ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ကြိုးပမ်းမှုကို ဖီဖာက ပယ်ချခဲ့ပါတယ်။ စပိန်လူမျိုးစစ်စစ်ဖြစ်ပြီး အင်္ဂလန်သွေးနှောခြင်းမရှိပေမယ့် အာတီတာက အင်္ဂလန်နိုင်ငံမှာ နေထိုင်တာ (၅)နှစ်ကျော်ကြာရှိပြီဆိုတဲ့အချက်နဲ့ အင်္ဂလန်လက်ရွေးစင်အဖြစ် ကစားခွင့်ရစေဖို့ ကာပယ်လိုကကြိုးစားခဲ့တာပါ။
အဲဒီတုန်းက မိမိတို့ရဲ့ကြိုးပမ်းမှုကို ပယ်ချခဲ့တဲ့ဖီဖာနဲ့ မိမိတို့ တိုက်ပွဲတစ်ခုဖြစ်သွားနိုင်ခဲ့ပြီး မိမိတို့ဘက်က အလျှော့ပေးခဲ့တယ်လို့ အာတီတာက ပြောခဲ့ဖူးပါတယ်။
အခု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် နိုင်ငံခြားသားနည်းပြတစ်ဦးဖြစ်တဲ့ ဂျာမန်လူမျိုးနည်းပြတူချယ်လ်ကို ခန့်အပ်မှုအပေါ် အာတီတာက ကြိုဆိုခဲ့ပြီး သူလည်း တစ်နေ့နေ့မှာ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရချင်တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့တာပါ။
အင်္ဂလန်နိုင်ငံမှာ မိမိအနေနဲ့ နေထိုင်ခဲ့တာ (၂၂)နှစ်ရှိပြီဖြစ်ကြောင်း၊ ဒါကြောင့် အင်္ဂလန်ဟာ မိမိနေအိမ်လိုဖြစ်နေကြောင်းလည်း အာတီတာက ဆိုခဲ့ပါတယ်။