တစ်နစ်တာဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းမှာ မက်ဆီရဲ့(၂)ဆ ဝင်ငွေနဲ့ ဦးဆောင်တဲ့ စီရော်နယ်ဒို
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားတွေနဲ့ သူတို့ရဲ့ဝင်ငွေကို တွက်ချက်ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် အသက်(၄၀)ပြည်ဖို့ (၄)လတောင်မလိုတော့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အပြတ်အသတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။
စီရော်နယ်ဒိုအနေနဲ့ သူနဲ့ ခေတ်ပြိုင်ကစားသမားဖြစ်တဲ့ မက်ဆီကို ဝင်ငွေ(၂)ဆလောက် အသာရပြီး ဒီစာရင်းမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စီရော်နယ်ဒိုရရှိခဲ့တဲ့ ဝင်ငွေအရပ်ရပ်က ပေါင်(၂၁၈)သန်းအထိ ရှိခဲ့ကြောင်း သိရပါတယ်။ ဒီပမာဏက ဘယ်ကစားသမားမှ (တစ်နှစ်အတွင်း)မရခဲ့ဖူးတဲ့ ပမာဏဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်(၂၀၁၄ ခုနှစ်)က စီရော်နယ်ဒိုရဲ့ တစ်နှစ်လုံးဝင်ငွေ ပေါင်(၅၅)သန်းရဲ့ (၄)ဆလောက်ရှိနေပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းကနေ တစ်နှစ် လစာပေါင်သန်း(၁၇၀)နီးပါးရရှိခဲ့ပြီး အခြားစပွန်ဆာအရပ်ရပ်က ရတဲ့ဝင်ငွေက ပေါင်(၄၉)သန်းခန့်ရှိပါတယ်။
ဒုတိယနေရာမှာ မက်ဆီက တစ်နှစ်ဝင်ငွေ ပေါင်(၁၀၃)သန်းနဲ့ ရပ်တည်နေပါတယ်။ မက်ဆီအနေနဲ့ အင်တာမိုင်ယာမီအသင်းမှာ စီရော်နယ်ဒိုထက် လစာငွေများစွာလျော့နည်းနေပေမယ့် စပွန်ဆာအရပ်ရပ်က ရရှိငွေမှာ ပိုများပြားပြီး ပေါင်(၅၇)သန်းခန့်ရနေပါတယ်။
ဆော်ဒီရောက်ကစားသမားတွေက ဝင်ငွေအကောင်းဆုံး(၄)နေရာမှာ (၃)နေရာကို အရယူခဲ့ပြီး တတိယနေရာမှာ အယ်လ်ဟီလယ်တိုက်စစ်မှူးနေမာ၊ စတုတ္ထနေရာမှာ အယ်လ်အစ်တီဟတ်တိုက်စစ်မှူးဘန်ဇီမာတို့ရှိနေပါတယ်။
နေမာက တစ်နှစ်ဝင်ငွေစုစုပေါင်း ပေါင်(၈၄)သန်း၊ ဘန်ဇီမာက တစ်နှစ်ဝင်ငွေစုစုပေါင်း ပေါင်(၇၉)သန်းအထိရှိပါတယ်။ ဘန်ဇီမာဟာ စီရော်နယ်ဒိုအပြီး ဒုတိယလစာငွေအကောင်းဆုံးဘောလုံးသမားဖြစ်ပြီး အယ်လ်အစ်တီဟတ်အသင်းဆီက တစ်နှစ်လစာ ပေါင်(၇၆)သန်းအထိ ရရှိနေကြောင်းလည်း သိရပါတယ်။
အဆင့်(၅)မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေ၊ အဆင့်(၆)မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း၊ အဆင့်(၇)မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီယပ်စ်၊ အဆင့်(၈)မှာ လီဗာပူးလ်တိုက်စစ်မှူးဆာလာ၊ အဆင့်(၉)မှာ အယ်လ်နာဆာတောင်ပံကစားသမား မာနေ၊ အဆင့်(၁၀)မှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားတို့ရှိနေပါတယ်။