မန်ယူနိုက်တက် ကစားသမားတွေကို စိတ်ပျက်လာစေတဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ စရိတ်လျှော့ချရေး အစီအစဉ်

0

မန်ယူနိုက်တက်အသင်းမှာ အသုံးစရိတ်အရပ်ရပ်ကို လျှော့ချဖို့ ကြိုးစားနေတဲ့ အသင်းရှယ်ယာရှင်ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ INEOS အဖွဲ့ရဲ့စီမံခန့်ခွဲမှုတွေက မန်ယူနိုက်တက်ကစားသမားတွေကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြကြပါတယ်။

မကြာသေးမီက အသင်းစရိတ်လျှော့ချဖို့ အကြောင်းပြချက်နဲ့ မန်ယူနိုက်တက်အသင်းနည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ကို အသင်းသံတမန်ရာထူးက ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းစီမံခန့်ခွဲမှုအဖွဲ့ဟာ မန်ယူနိုက်တက်ကစားသမားတွေကိုလည်း သုံးစွဲငွေတွေနဲ့ပတ်သက်ပြီး တင်းကျပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ FA ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ဗိုလ်လုပွဲကျင်းပရာ လန်ဒန်မြို့ကနေ မန်ချက်စတာမြို့ကို ပြန်ဖို့ မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက လေယာဉ်ပျံမစီစဉ်ပေးဘဲ ဘတ်စ်ကားနဲ့ ပြန်ဖို့သာ စီစဉ်ခဲ့ပါတယ်။

အသင်းအတွက် အရေးပါတဲ့ဆုဖလားတစ်လုံးရယူပေးပြီးချိန်မှာ စရိတ်လျှော့ချရေးအစီအစဉ်အရ လေယာဉ်ပျံခရီးစဉ် မစီစဉ်ပေးခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့လုပ်ရပ်ကို ကစားသမားတွေက စိတ်ပျက်ခဲ့ပါတယ်။

တချို့ကစားသမားတွေက ဘတ်စ်ကားနဲ့ မပြန်ဘဲ လေကြောင်းခရီးနဲ့ မန်ချက်စတာမြို့ကို ပြန်ခဲ့သလို၊ တချို့ကလည်း လန်ဒန်မြို့ဟိုတယ်မှာ FA ဖလားအောင်ပွဲခံ ညစာစားပွဲအခမ်းအနားကို ပြုလုပ်ပြီးနောက် နောက်တစ်နေ့မှာ အားလပ်ရက်အဖြစ် မိမိတို့ခရီးထွက်ခွာလိုတဲ့နေရာတွေကို လေယာဉ်တွေနဲ့ ထွက်ခွာသွားခဲ့ပါတယ်။

ဒီလို ကိုယ့်သဘောနဲ့ကိုယ် လေယာဉ်နဲ့ သွားလာတာကို အသင်းက လေယာဉ်စရိတ်ကျခံပေးမှာမဟုတ်ဘဲ မိမိတို့ဘာသာ စိုက်ထုတ်ဖို့ ကစားသမားတွေအနေနဲ့ အသိပေးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ပေါ်တိုနဲ့ (၃-၃)ဂိုးနဲ့သရေကျတဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာလည်း ပွဲပြီးပြီးချင်း မန်ချက်စတာကို ပြန်နိုင်ဖို့ လေယာဉ်စီစဉ်ခြင်းမရှိဘဲ (စရိတ်သက်သာဖို့ ဦးစားပေးကာ) သောကြာနေ့မှ ပြန်စေခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဗီလာနဲ့ ပွဲမတိုင်မီ နားချိန်လျော့နည်းခဲ့ရပါတယ်။

ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုအဖြစ် ဗီလာနဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ရပါတယ်။ ဒါကြောင့် ကလပ်အသင်းရဲ့စရိတ်လျှော့ချရေးအစီအမံတွေက လိုတာထက်ပိုနေတယ်လို့ မန်ယူနိုက်တက်ကစားသမားအများစုက ခံစားနေရပြီး စိတ်မသက်မသာဖြစ်နေကြောင်း ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *