လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တတိယဂိုးသွင်းအများဆုံး ဆွန်ဟောင်မင်

0

ဒီနေ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါး(၄-၁)ဝက်စ်ဟမ်းပွဲမှာ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သွင်းယူတဲ့ဂိုး(၂၇)ဂိုးအထိရှိလာပါတယ်။

ဆွန်ဟောင်မင်အနေနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူသူတွေထဲမှာ ဂန္ထဝင်တိုက်စစ်မှူး တက်ဒီရှရင်ဂမ်ကိုကျော်ပြီး တတိယဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အရင်က ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရှရင်ဂမ်နဲ့ (၂၆)ဂိုးစီတူညီနေရာကနေ အခု တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဒီစာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေသူက ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့သွားတဲ့ စပါးတိုက်စစ်မှူးဟောင်း ဟာရီကိန်းဖြစ်ပြီး ဂိုး(၄၀)သွင်းယူခဲ့တာပါ။

ဒုတိယနေရာမှာ အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူးအွန်နရီရှိနေပြီး (၃၈)ဂိုးသွင်းယူထားတာပါ။ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းခဲ့သူ(၁၀)ဦးစာရင်းမှာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနေသူက ဆွန်ဟောင်မင်တစ်ဦးတည်းသာရှိတာကို အောက်ပါအတိုင်းတွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် သူ့ရှေ့က အွန်နရီ၊ ဟာရီကိန်းတို့ရဲ့မှတ်တမ်းတွေကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဆွန်ဟောင်မင်ဟာ လန်ဒန်ကလပ်တွေထဲမှာ ခရစ္စတယ်ပဲလေ့စ်ကို(၉)ဂိုး၊ ဝက်စ်ဟမ်းကို (၇)ဂိုး၊ အာဆင်နယ်အသင်းကို(၇)ဂိုး၊ ချယ်လ်ဆီးကို (၂)ဂိုး၊ ဖူလ်ဟမ်နဲ့ ဘရန့်ဖို့ဒ်အသင်းကို(၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။

လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ဂိုး အများဆုံးသွင်းခဲ့သူ(၁၀)ဦး

ဟာရီကိန်း(၄၀ ဂိုး)၊ အွန်နရီ(၃၈ ဂိုး)၊ ဆွန်ဟောင်မင်(၂၇ ဂိုး)၊ ရှရင်ဂမ်(၂၆ ဂိုး)၊ ဗန်ပါစီ(၂၁ ဂိုး)၊ လမ်းပတ်(၂၁ ဂိုး)၊ အီယန်ရိုက်(၂၁ ဂိုး)၊ ဒရော့ဘာ(၁၈ ဂိုး)၊ ဒီဖိုး(၁၈ ဂိုး)၊ အဒီဘာယော(၁၇ ဂိုး)

Leave a Reply

Your email address will not be published. Required fields are marked *