ကစားသမားဘဝ ပထမဆုံးအနီကတ်နဲ့ ဆာလီဘာအတွက် ကံမကောင်းတဲ့ ရက်သတ္တပတ်

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘုန်းမောက်(၂-ဝ)အာဆင်နယ်ပွဲမှာ တိုက်ရိုက်အနီကတ်အပြခံခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူဆာလီဘာဟာ ကစားသမားဘဝမှာ ပထမဆုံးအနီကတ်ပြခံရခြင်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဆာလီဘာဟာ ဘုန်းမောက်တိုက်စစ်မှူးအီဗာနယ်လ်ဆင်ကို ဆွဲလှဲခဲ့တဲ့အတွက် Last Defender Rule အရ ပွဲချိန်မိနစ်(၃၀)မှာပဲ တိုက်ရိုက်အနီကတ်ပြခံရတာပါ။

ဒီပွဲရဲ့ဒိုင်လူကြီး ရောဘတ်ဂျူံးစ်က ဆာလီဘာကို ပထမ အဝါကတ်သာပြခဲ့ပေမယ့် VAR ရဲ့အနီကတ်ပြစ်ဒဏ်ဖြစ်နိုင်ဖွယ်အကြံပြုချက်ကြောင့် ကွင်းဘေးက မော်နီတာကို ပြန်ကြည့်အပြီးမှာ တိုက်ရိုက်အနီအဖြစ် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆာလီဘာဟာ သူ့ကစားသမားဘဝတစ်လျှောက် ဥရောပလိဂ်ပွဲစဉ်ပေါင်း(၁၅၇)ပွဲကစားခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၉၃)ပွဲကစားခဲ့ရာမှာ အခုမှ အနီကတ်ပြခံရဖူးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း အောက်တိုဘာ(၁၄)ရက်နေ့က ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ ကစားခဲ့တဲ့ပွဲမှာ အလွဲလွဲအမှားမှားနဲ့ ဘယ်လ်ဂျီယံအသင်းဂိုးသွင်းခွင့်တွေရရှိစေခဲ့တဲ့ ဆာလီဘာဟာ ကလပ်အသင်းပွဲစဉ်မှာလည်း အနီကတ်ထိခဲ့တာကြောင့် ဒီရက်သတ္တပတ်ဟာ သူ့ကစားသမားဘဝအတွက် အဆိုးရွားဆုံးရက်သတ္တပတ်လို့ဆိုရမှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ(၁-၂)ပြင်သစ်ပွဲမှာ သူ့ရဲ့ဖျက်ထုတ်မှုကြောင့် ပြိုင်ဘက်အသင်းကို ပယ်နယ်တီပေးခဲ့ရသလို ဘယ်လ်ဂျီယံအသင်းသွင်းယူခဲ့တဲ့ဂိုးဟာလည်း သူ့ရဲ့အမှားအယွင်းကနေ ဘယ်လ်ဂျီယံတိုက်စစ်မှူးအိုပန်ဒါက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ပြင်သစ်မီဒီယာတွေက ဆာလီဘာရဲ့အမှားတွေကို ထောက်ပြခဲ့ကြပြီး သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးပွဲလို့ ဝေဖန်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *