စံချိန်တွေ တစ်ပွေ့တစ်ပိုက်နဲ့ မေဂျာလိဂ်ရာသီကို အဆုံးသတ်ခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ မက်ဆီ
မေဂျာလိဂ်ပုံမှန်ရာသီ(Regular Season) နောက်ဆုံးပွဲစဉ် အင်တာမိုင်ယာမီ(၆-၂)နယူးအင်္ဂလန်ပွဲမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ဟက်ထရစ်သွင်းယူပြီး စံချိန်တစ်ပွေ့တစ်ပိုက်နဲ့ ရာသီကို အဆုံးသတ်ခဲ့ပါတယ်။
ဒီပွဲဟာ မေဂျာလိဂ်ပုံမှန်ရာသီရဲ့နောက်ဆုံး(၃၄)ပွဲမြောက်ပွဲဖြစ်ပြီး အင်တာမိုင်ယာမီအသင်းက ရမှတ်(၇၄)မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။
ဒီလို မေဂျာလိဂ်ပုံမှန်ရာသီမှာ (၃၄)ပွဲကစားပြီး ရမှတ်(၇၄)မှတ်ရတာက ပြိုင်ပွဲရဲ့စံချိန်တစ်ခုဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ဇယားထိပ်ရပ်တည်ခဲ့တဲ့ နယူးအင်္ဂလန်အသင်းက (၃၄)ပွဲကစား၊ ရမှတ်(၇၃)မှတ်နဲ့ စံချိန်တင်ထားခဲ့ပြီး အင်တာမိုင်ယာမီအသင်းက ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ပုံမှန်ရာသီပြီးဆုံးပေမယ့် မေဂျာလိဂ်ဖလားအတွက် ယှဉ်ပြိုင်မှုကတော့ မပြီးဆုံးသေးဘဲ ထုံးစံအတိုင်း MLS Cup Play-Off ပွဲစဉ်တွေကို ဆက်ကစားရမှာဖြစ်ပါတယ်။
မေဂျာလိဂ်ပုံမှန်ရာသီ ကုန်ဆုံးချိန်မှာ အကောင်းဆုံးရပ်တည်မှုရ အသင်းတွေကို ချီးမြှင့်တဲ Supporter Shield ကိုရရှိခဲ့တဲ့ အင်တာမိုင်ယာမီအသင်းအနေနဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှာဖြစ်ပြီး ပြိုင်ပွဲရဲ့အိမ်ရှင်ကလပ်အသင်းအဖြစ်လည်း သတ်မှတ်ခံရမှာဖြစ်ပါတယ်။
မေဂျာလိဂ်ပုံမှန်ရာသီမှာ အင်တာမိုင်ယာမီအသင်းကို အကောင်းဆုံးရပ်တည်မှုရအသင်းဖြစ်အောင် ဂိုးတွေသွင်းပြီးစွမ်းဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင်မက်ဆီကိုယ်တိုင်လည်း အင်တာမိုင်ယာမီအသင်းသမိုင်းကြောင်းတစ်လျှောက်မှာ ဂိုးအများဆုံးသွင်းသူအဖြစ် (၃၃)ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။