အသက်(၁၇)နှစ်အရွယ် ကစားသမားတစ်ဦးအတွက် အမြင့်ဆုံး ဈေးကွက်တန်ဖိုးကို ပိုင်ဆိုင်ထားတဲ့ ယာမားလ်
ပြင်သစ်ကလပ် PSG အသင်းက ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလာမင်းယာမားလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)နဲ့ ပြီးခဲ့တဲ့နွေရာသီအတွင်း ကမ်းလှမ်းခဲ့တာကို ဘာစီလိုနာအသင်းက ငြင်းဆန်ပယ်ချခဲ့ဖူးပါတယ်။
တကယ်လို့သာ ဘာစီလိုနာအသင်းက လက်ခံလိုက်ရင် ယာမားလ်ရဲ့လက်တွေ့ဘဝတန်ကြေးက ဒီလောက်ကိန်းဂဏန်းအထိ ရောက်သွားမှာဖြစ်ပေမယ့် သူ့ရဲ့လက်ရှိဈေးကွက်တန်ဖိုးကို သတ်မှတ်ထားတာက ယူရိုသန်း(၁၅၀)ဖြစ်ပါတယ်။
အသက်(၁၇)နှစ်အရွယ် ကစားသမားတစ်ဦးအတွက် ဈေးကွက်တန်ဖိုး ယူရိုသန်း(၁၅၀)ဆိုတာ ဘယ်ကစားသမားမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့ တန်ဖိုးတစ်ခုဖြစ်ပါတယ်။
လက်ရှိဘောလုံးလောကမှာ ယာမားလ်လို အသက်ငယ်ရွယ်စဉ်မှာပဲ ထင်ရှားကျော်ကြားလာကြတဲ့ နာမည်ကျော်ကစားသမားများစွာရှိပါတယ်။ ဒီကစားသမားတွေထဲမှာ ယာမားလ်လို အသက်(၁၇)နှစ်အရွယ်မှာ တန်ကြေးမြင့်မားသူတွေရှိခဲ့ပေမယ့် သူ့လို ပေါင်သန်းရာချီခဲ့ခြင်းမရှိဘဲ အမြင့်ဆုံး ယူရိုသန်း(၆၀)အထိသာ ရှိခဲ့တာပါ။
ယာမားလ်နောက် အသက်(၁၇)နှစ်အရွယ်မှာ ဈေးကွက်တန်ကြေးအမြင့်ဆုံးကစားသမားတွေအဖြစ် ဂါဗီ(ယူရိုသန်း ၆၀)၊ ဘယ်လင်ဂမ်(ယူရို ၅၅ သန်း)၊ ဗင်နီစီယပ်စ်(ယူရို ၃၅ သန်း)၊ မူဆီယာလာ(ယူရို ၂၄ သန်း)တို့ ရှိနေပါတယ်။
လက်ရှိပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဖိုဒန်ဆိုရင် အသက်(၁၇)နှစ်အရွယ်က ယူရို(၅)သန်း၊ ရီးရဲလ်တိုက်စစ်မှူးဘာပေဆိုရင် ပေါင်(၄)သန်းသာ သတ်မှတ်ခံခဲ့ရဖူးပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဟာလန်းဆိုရင် ယူရို(၃)သိန်းသာ သတ်မှတ်ခံခဲ့ရတာပါ။
ဒါကြောင့် အသက်(၁၇)နှစ်အရွယ်မှာပဲ ဈေးကွက်တန်ဖိုး ယူရိုသန်း(၁၅၀)ရှိနေပြီး ယူရိုသန်း(၂၅၀)နဲ့ ကမ်းလှမ်းခံခဲ့ရတဲ့ ယာမားလ်ရဲ့ တန်ကြေးက ဘယ်လောက်အထိ မြင့်တက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။