ရစ်ချာလီဆန်ကို ယုံကြည်မှုတွေ မြင့်တက်စေဖို့ မိမိ ပယ်နယ်တီ ပေးကန်ခဲ့တာလို့ မက်ဒီဆန် ဆို

0

မနေ့က စပါး(၁-၀ AZ အယ်လ်ခမာ)ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကွင်းလယ်လူ မက်ဒီဆန်က စပါးအသင်းရရှိတဲ့ ပယ်နယ်တီကို အသင်းဖော်တိုက်စစ်မှူး ရစ်ချာလီဆန် ယုံကြည်မှုတွေမြှင့်တက်စေဖို့ သူပေးကန်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

ဒီပယ်နယ်တီကို ရစ်ချာလီဆန်က ဂိုးဝင်အောင်ကန်သွင်းပြီး စပါးအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၃)ပွဲစလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ရစ်ချာလီဆန်ဟာ ဒဏ်ရာကနေ မကြာသေးခင်ကမှ ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး AZ အယ်လ်ခမာအသင်းနဲ့ပွဲစဉ်မှာ ဒီရာသီစပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပထမဆုံးအကြိမ်ပါဝင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းပယ်နယ်တီရရှိချိန်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်မပါဝင်တာကြောင့် မက်ဒီဆင်ဟာ ကန်သွင်းခွင့်ရတဲ့သူဖြစ်ပေမယ့် သူကတော့ ရစ်ချာလီဆန်ကို ကန်သွင်းခွင့်ပေးခဲ့တာပါ။

မက်ဒီဆန်က “ကျွန်တော်တို့ နှစ်ဦးစလုံးပယ်နယ်တီကန်ချင်ခဲ့ပေမယ့် ကျွန်တော်ဟာ စီနီယာလည်းဖြစ်တယ်၊ ဒီပွဲမှာ အသင်းခေါင်းဆောင်လည်းဖြစ်လို့ ကန်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ခေါင်းထဲ အတွေးဝင်လာခဲ့ပြီး သူ့ကိုပယ်နယ်တီပေးကန်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ TNT Sports ကို ဆိုခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဘုန်းမောက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဆိုလန်ကီကြောင့် စပါးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ကြိုးစားရမှာပါ။ စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *