တန်ဟတ်လက်ထက်မှာ မန်ယူနိုက်တက်က တိုးတက်လာခြင်းမရှိဘူးလို့ ပေါလ်စခိုးလ် ယုံကြည်
မနေ့က ဖီနာဘာချီ(၁-၁)မန်ယူနိုက်တက် ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့ဆိုးရွားတဲ့ပုံစံကို ကြည့်ရှုပြီးနောက် ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်က မန်ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာ တိုးတက်လာခြင်းမရှိဘူးလို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဖီနာဘာချီအသင်းနဲ့ သရေကျခဲ့ပြီး ဒီရာသီ ယူရိုပါလိဂ်ပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၃)ပွဲစလုံးသရေကျကာ အမှတ်ပေးဇယားရဲ့အဆင့်(၂၁)နေရာမှာ ရပ်တည်နေခဲ့တာပါ။
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရာသီအစရလဒ်ဆိုးရွားမှုနဲ့အတူ အမှတ်ပေးဇယားအဆင့်(၁၂)နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဖီနာဘာချီအသင်းနဲ့ သရေကျခဲ့ပြီးနောက် ဥရောပပြိုင်ပွဲတွေမှာ နိုင်ပွဲမရတာ(၁)နှစ်ကြာသွားခဲ့ပြီလို့လည်း သိရပါတယ်။ အဲ့ဒါကြောင့် ပေါလ်စခိုးလ်ဟာ သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်အသင်းဟာ နည်းပြအဲရစ်တန်ဟတ်လက်အောက်မှာ တိုးတက်မှုမရှိဘူးလို့ ဆိုခဲ့တာပါ။
ပေါလ်စခိုးလ်က “သူတို့ဟာ တိုးတက်မှုမရှိသေးဘဲ အခွင့်အရေးတွေအများကြီးလွဲချော်နေခဲ့ပါတယ်။ လိဂ်ရဲ့ရပ်တည်မှုက အရာအားလုံးကို ပြောပြနေပြီး ကျွန်တော်ကတော့ လိဂ်နှစ်ခုအကြောင်းကို ပြောနေတာပါ။ စိတ်ပျက်စရာကောင်းပြီး ငွေကြေးတွေလည်းအများကြီးသုံးစွဲထားပေမယ့် တိုးတက်မှုကို မတွေ့ရဘူး”လို့ TNT Sports မှာ ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အုပ်စုလက်ကျန်(၅)ပွဲမှာ နိုင်ပွဲတွေနဲ့အတူ ရလဒ်ကောင်းတွေရယူနိုင်မှသာ Round of 16 ကို တက်ရောက်နိုင်ဖို့ သေချာမှာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။