(၁၄)လကြာ ကိုင်တွယ်ပြီးနောက် ဆော်ဒီလက်ရွေးစင် နည်းပြရာထူးကနေ မန်ချီနီ ထွက်ခွာ

0

အီတလီအသင်းနည်းပြဟောင်း မန်ချီနီဟာ ဆော်ဒီအသင်းကို (၁၄)လကြာကိုင်တွယ်ပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာခဲ့ပါတယ်။ မန်ချီနီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်ကမှ ဆော်ဒီအသင်းနည်းပြသစ်အဖြစ် တစ်နှစ်ကိုပေါင်(၂၁)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရတဲ့သူပါ။

အီတလီအသင်းကို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ မန်ချီနီဟာ အီတလီအသင်းနည်းပြရာထူးကနေ နုတ်ထွက်ပြီးနောက် ရက်သတ္တပတ်အကြာမှာ ဆော်ဒီအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်(KSA)က မန်ချီနီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ဖို့ နှစ်ဦးသဘောတူညီမှုရရှိခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ မန်ချီနီကို ထုတ်ပယ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထင်ကြေးတွေထွက်ပေါ်လာပြီးနောက် ဒီကြေညာချက်ထုတ်ပြန်လာခဲ့တာပါ။ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ မန်ချီနီရဲ့နေရာဆက်ခံတဲ့သူကို ခန့်အပ်ကြောင်း ကြေညာသွားမယ်လို့ သူတို့ရဲ့ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆော်ဒီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်မှာ ရလဒ်မကောင်းဖြစ်နေပြီး (၄)ပွဲကစားထားရာမှာ (၁)ပွဲနိုင်၊(၂)ပွဲသရေ၊(၁)ပွဲရှုံးနိမ့်ကာ အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်နေတာပါ။

မန်ချီနီဟာ အခုလအစောပိုင်းက ဘာရိန်းအသင်းနဲ့ (ဝ-ဝ)သရေကျခဲ့ပြီးနောက် ဆော်ဒီပရိသတ်အစုအဖွဲ့နဲ့ အငြင်းအခုံဖြစ်မှုတွေရှိခဲ့သလို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲထံ နာမည်ကြီးကစားသမားတွေခေါ်ယူမှုဟာ ဆော်ဒီလက်ရွေးစင်အသင်းအပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေဖြစ်ခဲ့တယ်လို့ ပြောထားခဲ့ဖူးပါတယ်။ မန်ချီနီဟာ ဆော်ဒီအသင်းကို ပွဲပေါင်း(၂၀)ကိုင်တွယ်ခဲ့ရာမှာ (၈)ပွဲနိုင်၊(၇)ပွဲသရေနဲ့ (၅)ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *