နောက်ဆုံးအချိန်အထိ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ကောင်းကောင်းသက်သေပြခဲ့တဲ့ ပရီးမီးယားလိဂ်

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ(၅)ပွဲမှာ မန်စီးတီး(၁-ဝ)ဆောက်သမ်တန်ပွဲကလွဲလို့ ကျန်(၄)ပွဲက မိနစ်(၉၀)အပြီးထပ်ဆောင်းအချိန်ပိုမှာ သွင်းယူတဲ့(၉၀+မိနစ်)ဂိုးတွေကြောင့် ရလဒ်အဖြေတွေပြောင်းခဲ့ပါတယ်။

တစ်ရက်အတွင်း ပွဲ(၅)ပွဲမှာ (၄)ပွဲအထိ ဒီလိုနောက်ဆုံးမိနစ်ရောက်ပြီးမှ အဖြေပြောင်းလဲတာမျိုးက ထူးခြားလွန်းနေသလို၊ ပရီးမီးယားလိဂ်ပွဲတွေမှာ နောက်ဆုံးအချိန်အထိ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြသရာလည်း ရောက်ခဲ့ပါတယ်။

ဗီလာ(၁-၁)ဘုန်းမောက်ပွဲမှာ ပွဲချိန်(၉၀)မိနစ်ပြည့်ချိန်မှာ ဗီလာက (၁-ဝ)ဂိုးနဲ့ ဦးဆောင်နေပေမယ့် (၉၀+၆)မိနစ်မှာ ဘရာဇီးလ်တိုက်စစ်မှူးအီဗာနယ်လ်ဆင်က ဘုန်းမောက်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

ဘရိုက်တန်(၂-၂)ဝုလ်ဗ်စ်ပွဲမှာလည်း ပွဲချိန်(၉၀)မိနစ်ပြည့်ချိန်မှာ
ဘရိုက်တန်က (၂-၁)ဂိုးနဲ့ ဦးဆောင်နေပေမယ့် (၉၀+၃)မိနစ်မှာ ဘရာဇီးလ်တိုက်စစ်မှူးကူညာက ဝုလ်ဗ်စ်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့ပေးပါတယ်။

အဲဗာတန်(၁-၁)ဖူလ်ဟမ်ပွဲမှာလည်း ပွဲချိန်(၉၀)မိနစ်ပြည့်ချိန်မှာ ဖူလ်ဟမ်အသင်းက (၁-ဝ)ဂိုးနဲ့ ဦးဆောင်နေပေမယ့် (၉၀+၃)မိနစ်မှာ ပေါ်တူဂီတိုက်စစ်မှူးဘီတိုက အဲဗာတန်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့ပေးပါတယ်။

ဘရန့်ဖို့ဒ်(၄-၃)အစ်ဝစ်ချ်ပွဲမှာတော့ ဘရန့်ဖို့ဒ်အသင်းက (၉၀+)မိနစ် အနိုင်ဂိုးကြောင့် သရေကနေ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲချိန်(၉၀)မိနစ်ပြည့်ချိန်မှာ (၃-၃)ဂိုးနဲ့ သရေကျနေပေမယ့် (၉၀+၆)မိနစ်မှာ ကင်မရွန်းတိုက်စစ်မှူးအမ်ဘူမိုက အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့လို့ ဘရန့်ဖို့ဒ်အသင်း နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

မနေ့က ပွဲ(၅)ပွဲမှာ မန်စီးတီး(၁-ဝ)ဆောက်သမ်တန်ပွဲက ပွဲချိန်(၅)မိနစ်ကတည်းက ဟာလန်းသွင်းယူခဲ့တဲ့ အနိုင်ဂိုးနဲ့ ကျန်ပွဲချိန် (၈၅+)မိနစ်လုံး ဂိုးမမြင်ခဲ့ရပေမယ့် ကျန်ပွဲ(၄)ပွဲကတော့ နောက်ကျဂိုးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *