လာမယ့် ဇန်နဝါရီလမှာ အီတလီမြေကို ပြန်ခြေချရဖွယ်ရှိနေတဲ့ ချီယေဆာ

0

လီဗာပူးလ်အသင်းဟာ အသင်းမှာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ အီတလီလက်ရွေးစင်တိုက်စစ်မှူးချီယေဆာကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားချဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ချီယေဆာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စီးရီးအေကလပ်ဂျူဗင်တပ်စ်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောက်ရှိလာသူပါ။

သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်ပွဲ(၁)ပွဲ၊ လိဂ်ဖလားပွဲ(၁)ပွဲ၊ ချန်ပီယံလိဂ်(၁)ပွဲသာကစားခွင့်ရခဲ့ပြီး ဒီ(၃)ပွဲထဲက လိဂ်ဖလားပွဲစဉ် လီဗာပူးလ်(၅-၁)ဝက်စ်ဟမ်းပွဲမှာသာ ပွဲထွက်ကစားသမားအဖြစ်ကစားခဲ့ရတာပါ။

ချန်ပီယံလိဂ်ပွဲစဉ် လီဗာပူးလ်(၂-ဝ)ဘိုလော့ဂ်နာပွဲမတိုင်ခင် ဒဏ်ရာရခဲ့ပြီး အခုထိတိုင် အနားယူနေရတဲ့သူ့ကို လီဗာပူးလ်အသင်းက အငှားချဖို့ စီစဉ်နေပြီလို့ သတင်းတွေထွက်လာခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ စီးရီးအေပြိုင်ပွဲထက်ပိုမိုခက်ခဲကြမ်းတမ်းတာကြောင့် ချီယေဆာအတွက် အရာရာက ထင်သလောက်မလွယ်ကူခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။

ချီယေဆာကို အငှားခေါ်ယူဖို့ အင်တာမီလန်၊ အေစီမီလန်၊ ရိုးမားအစရှိတဲ့အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် လာမယ့် ဇန်နဝါရီလမှာ သူ့အနေနဲ့ အီတလီမြေကို ပြန်ခြေချမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *