စပိန်ရေဘေးမှာ ကံဆိုးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ဗလင်စီယာကစားသမားဟောင်း ကတ်စတီလီယို
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ စပိန်ရေဘေးမှာ အသက်ဆုံးရှုံးခဲ့ရသူတွေထဲ ဗလင်စီယာကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဟိုဆေးကတ်စတီလီယို(၂၈ နှစ်)လည်း ပါ၀င်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ ညအချိန်မှာ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ဒီရေကြီးမှု သဘာဝကပ်ဆိုးကြောင့် စပိန်နိုင်ငံအရှေ့ခြမ်းဒေသတချို့မှာ လူ(၂၀၅)ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပြီး လူ(၁၉၀၀)ကျော် ပျောက်ဆုံးနေပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရေနဲ့အတူမျောပါ ပျက်စီးသွားတဲ့နေအိမ်တွေကို ရှင်းလင်းရှာဖွေကြရာမှာ ကတ်စတီလီယိုရဲ့ရုပ်အလောင်းကို စိတ်မကောင်းစရာတွေ့ရှိခဲ့ကြတာပါ။
ကတ်စတီလီယိုဟာ ဗလင်စီယာအကယ်ဒမီက ထွက်ပေါ်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅-၁၆ ရာသီမှာ ဗလင်စီယာကစားသမားတစ်ဦးအဖြစ် ရှိခဲ့သူဖြစ်ပါတယ်။
သူ့အနေနဲ့ ၂၀၁၆ ဇန်နဝါရီလကနေ သြဂုတ်လအထိသာ ဗလင်စီယာကစားသမားအဖြစ်ရှိခဲ့ပြီး အောက်တန်းကလပ် ဘူနယ်လ်အသင်းကို ပြောင်းရွှေ့ကြေးလွတ် ပြောင်းရွှေ့ခဲ့ပါတယ်။
ကတ်စတီလီယိုဟာ စပိန်အောက်တန်းအသင်းတွေမှာသာ ဆက်လက်ကျင်လည်ကစားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ဘောလုံးကစားခြင်းက အနားယူခဲ့ပါတယ်။
သူရဲ့ကွယ်လွန်သေဆုံးမှုအတွက် သူ့ရဲ့အသင်းဟောင်းဗလင်စီယာအသင်းက ၀မ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ပြီး ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။