အနာဂတ်မှာ နည်းပြတစ်ဦးအဖြစ် ပြုလုပ်ဖို့ ဆန္ဒမရှိဘူးလို့ ဝန်ခံခဲ့တဲ့ မက်ဆီ
အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်မက်ဆီက နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ သူ့အနေနဲ့ အနာဂတ်မှာနည်းပြတစ်ဦးမဖြစ်ချင်ဘူးလို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
အသက်(၃၇)နှစ်အရွယ်ရှိမက်ဆီဟာ ဘောလုံးသမားဘဝက အနားယူချိန်တဖြည်းဖြည်းနီးကပ်လာတာကြောင့် သူ့အနေနဲ့ ဘောလုံးကစားခြင်းက အနားယူရင် ဘဝကို ဘယ်လိုဆက်လက်ဖြတ်သန်းမလဲလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။
ဒါကြောင့် သူနဲ့ ရင်းနှီးတဲ့ ဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက သူ့ရဲ့အင်တာဗျူးမှာ မက်ဆီကို အနာဂတ်နဲ့ ပတ်သက်ပြီးမေးမြန်းခဲ့တာပါ။
ဒီမေးမြန်းမှုကို မက်ဆီက အခုလို ဖြေကြားသွားခဲ့ပါတယ်။ “ဘောလုံးကစားခြင်းက အနားယူပြီးချိန်မှာဘာလုပ်မလဲဆိုတာ ကျွန်တော် မစဉ်းစားသေးပါဘူး။ ကျွန်တော့်အနေနဲ့ နည်းပြတစ်ဦးတော့ မလုပ်ချင်ဘူး။ နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲဆိုတာ အခုအချိန်မှာ မပြောတတ်သေးပါဘူး။ ကျွန်တော်က တစ်ရက်ပြီးတစ်ရက်ဘာလုပ်မလဲဆိုတာကိုပဲ စဉ်းစားတတ်တဲ့သူမျိုးပါ။ ဒီလိုပဲ နောက်တစ်ရက်ဘာလုပ်ရမလဲဆိုတာတွေးပြီး လေ့ကျင့်၊ ကစားနေသလို ကွင်းအတွင်းမှာ ပျော်ရွှင်နေပါတယ်”လို့ မက်ဆီက ပြောသွားခဲ့ပါတယ်။
ဒါ့အပြင်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း သူ့အနေနဲ့ အဖြေမပေးတတ်သေးကြောင်း၊ လက်ရှိအချိန်မှာ ဝေးကွာတဲ့ကာလတွေအတွက် ကြိုတင်စဉ်းစားထားခြင်းမရှိကြောင်းသာ မက်ဆီက အဖြေပေးခဲ့ပါတယ်။