မိမိတို့တစ်သင်းတည်းသာ ဘောလုံးကစားဖို့ လာခဲ့တယ်လို့ အာဆင်နယ်ကို ဘာနာဒိုဆေးလ်ဗား ဝေဖန်
မနေ့က မန်စီးတီး(၂-၂)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့က ဒီပွဲမှာ တစ်သင်းတည်းသာ ဘောလုံးကစားဖို့ လာခဲ့တယ်လို့ အာဆင်နယ်အသင်းကို ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲရဲ့ဒုတိယပိုင်းမှာ တစ်ဦးလျော့နဲ့ ကစားခဲ့ရလို့ ဒုတိယပိုင်းတစ်ပိုင်းလုံးခံစစ်နဲ့ ကစားခဲ့ရပြီး မိနစ်(၉၀+၈)မိနစ်မှာ မန်စီးတီးအသင်းကို ချေပဂိုးပြန်ပေးခဲ့ရလို့ အမှတ်ခွဲဝေယူခဲ့ရတာပါ။
မန်စီးတီးအသင်းကစားသမားတွေဟာ ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ကစားပုံကို ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက “ဒီကိုတစ်သင်းတည်းသာ ဘောလုံးကစားဖို့လာခဲ့တာပါ။ နောက်တစ်သင်းကတော့ ကန့်သတ်ချက်တွေနဲ့ ကစားဖို့ လာခဲ့ပြီး ဒိုင်လူကြီးက ဒါကို ခွင့်ပြုခဲ့တယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ကွင်းလယ်လူ ရိုဒရီကို ဒဏ်ရာကြောင့် ပွဲချိန်အစောပိုင်းမှာတင် လူစားလဲခံရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းသွင်းယူတဲ့ (၂)ဂိုးကို ကွင်းလယ်ဒိုင်လူကြီး ခွင့်ပြုခဲ့တဲ့ အပေါ်မှာလည်း မန်စီးတီးအသင်းဟာ ဒေါသထွက်နေခဲ့တာပါ။ ဒီပွဲမှာ မန်စီးတီးအသင်း(၂)ဂိုးစီ သရေဖြစ်စေမယ့် ချေပဂိုးသွင်းပြီး မိနစ်အနည်းငယ်အကြာမှာ နှစ်ဖက်အသင်းကစားသမားတွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။
ဂျွန်စတုန်းစ်က “သူတို့ဟာ ပါးနပ်တယ်ပဲပြောပြော ဒါမှမဟုတ် ညစ်ပတ်တယ်ပဲပြောပြော ဒီအရာကို လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်မှုက ပွဲရဲ့ရမ်သမ်ကိုလည်း အဟန့်အတားတွေဖြစ်စေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်”လို့ ဆိုခဲ့တာပါ။
ဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂျွန်စတုန်းစ် ချေပဂိုးသွင်းယူပြီးနောက် ဟာလန်းက အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့ပြီး နှစ်သင်းကြားတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။