ယူရို-၂၀၂၄ စပိန်နဲ့ပွဲမှာ ဂျာမနီ ပယ်နယ်တီ ရခဲ့သင့်တယ်လို့ UEFA ဒိုင်ကော်မတီ သုံးသပ်

0

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာရဲ့အငြင်းပွားဖွယ်လက်ထိဘောမှာ ဂျာမနီအသင်းပယ်နယ်တီရရှိသင့်တယ်လို့ UEFA ဒိုင်လူကြီးများကော်မတီရဲ့အစီရင်ခံစာမှာ အတည်ပြုခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့အချိန်ပိုမှာ ဂျာမနီအသင်းကွင်းလယ်လူ မူစီယာလာရဲ့ကန်သွင်းချက်ဟာ ဂိုးဧရိယာအတွင်းမှာရှိနေတဲ့ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာရဲ့လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက ပယ်နယ်တီပေးခဲ့ခြင်းမရှိတာပါ။

ဂျာမနီကစားသမားတွေဟာ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာကို ပယ်နယ်တီတောင်းဆိုခဲ့ကြပေမယ့် အန်တိုနီတေလာက ကူကူရယ်လာဟာ သူ့ရဲ့လက်မောင်းကို ခန္ဓာကိုယ်နဲ့ နီးကပ်စွာထားရှိတယ်လို့ ပြောကာ ပယ်နယ်တီပေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ VAR ဒိုင်လူကြီးဖြစ်တဲ့ အက်ဒ်ဝဲလ်ကလည်း အန်တိုနီတေလာရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တာပါ။ ဂျာမနီအသင်းဟာ သူတို့ရရှိမယ့် ပယ်နယ်တီကို ငြင်းဆန်ခံရပြီးနောက် (၁၁၉)မိနစ်မှာ စပိန်အသင်းကွင်းလယ်လူ မယ်ရီနိုရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရကာ အချိန်ပိုမှာ(၂-၁)ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အပြီး (၂)လနီးပါးအကြာမှာတော့ UEFA ဒိုင်လူကြီးများကော်မတီက ကူကူရယ်လာရဲ့လက်ထိဘောမှာ ဂျာမနီအသင်းပယ်နယ်တီရရှိသင့်တယ်လို့ ပြောကာ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာအမှားအယွင်းလုပ်ခဲ့တယ်လို့ ဆိုခဲ့တာပါ။ ဒါ့အပြင် UEFA ဒိုင်လူကြီးများကော်မတီက ဒီဖြစ်ရပ်မှာ VAR ဒိုင်လူကြီးအနေနဲ့ ဝင်ရောက်ကာဆုံးဖြတ်သင့်တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။

UEFA ဒိုင်လူကြီးများကော်မတီရဲ့ပြောဆိုမှုဟာ ဂျာမနီအသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ စောစီးစွာထွက်ခွာခဲ့ရတာပါ။ စပိန်အသင်းကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို စံချိန်တင်(၄)ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *