ဘာရိုးလ်နဲ့လိဂ်ဖလားပွဲမှာ ချယ်လ်ဆီး လူစာရင်းထဲ ဘင်ချီဝဲလ် ပါဝင်မယ်လို့ မာရက်စ်ကာ အတည်ပြု
ဒီနေ့ကစားမယ့် ချယ်လ်ဆီး-ဘာရိုးလ် ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်အတွက် ချယ်လ်ဆီးအသင်းလူစာရင်းမှာ မကြာသေးခင်ကမှ အသင်းကြီးနဲ့ ပြန်လည်ပူပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ပါဝင်မယ်လို့ နည်းပြ မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။ ဘင်ချီဝဲလ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းအသုံးပြုခြင်းမရှိတော့မယ့် ကစားသမားစာရင်းထဲ ပါဝင်ခဲ့ပြီး အသင်းကြီးလူစာရင်းနဲ့ သီးခြားလေ့ကျင့်မှုတွေပြုလုပ်ခဲ့ရတဲ့သူပါ။
ဒါပေမယ့် ဘင်ချီဝဲလ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ အပြောင်းအရွှေ့မဖြစ်ခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြမာရက်စ်ကာဟာ ဘင်ချီဝဲလ်ကို အသင်းကြီးလူစာရင်းနဲ့ ပြန်လည်ပူးပေါင်းပြီးလေ့ကျင့်မှုတွေပြုလုပ်ဖို့ခေါ်ခဲ့တာပါ။ အခုအချိန်မှာတော့ ဘင်ချီဝဲလ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းအတွက် ပွဲကစားခွင့်ရနိုင်မယ့် အခွင့်အရေးရလာခဲ့ပြီး ဘာရိုးလ်အသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွက် လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာ ဘင်ချီဝဲလ် ပွဲကစားချိန်မိနစ်အနည်းငယ်ရရှိမယ်လို့တော့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုထားပါတယ်။ ဘင်ချီဝဲလ်ဟာ နည်းပြဟောင်း ပိုချက်တီနိုလက်ထက် ပြီးခဲ့တဲ့မတ်က ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းထဲ နောက်ဆုံးပါဝင်ကစားခွင့်ရခဲ့တာပါ။ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းရဲ့ဒီရာသီပရီးမီးယားလိဂ်လူစာရင်းထဲမှာလည်း ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဘင်ချီဝဲလ်ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းအချို့ရှိနေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။ ၂၀၂၀ နွေရာသီက လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းအတွက် (၁၀၆)ပွဲကစားထားပြီး (၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။