ဂါဘရီရယ်လ်ရဲ့ ဦးခေါင်းကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့တဲ့ ဟာလန်း နောက်ကြောင်းပြန် ပြစ်ဒဏ်ကို ရှောင်နိုင်ခဲ့

0

နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီး(၂-၂)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့ပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့နောက်ကြောင်းပြန် ပြစ်ဒဏ်ကို ရှောင်နိုင်ခဲ့ပါတယ်။

ဟာလန်းဟာ အသင်းဖော် ဂျွန်စတုန်းစ်က ပွဲချိန်(၉၀+၈)မိနစ်မှာ မန်စီးတီးအသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့အပြီးမှာ ဘောလုံးကို ကောက်ယူကာ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကိုနောက်ကနေ ပစ်ပေါက်ခဲ့တာပါ။

ဒီဗီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး အာဆင်နယ်ပရိသတ်တွေဟာ ဟာလန်းရဲ့အပြုအမူကို အလွန်ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုပြစ်ဒဏ်မျိုးမှ ရင်ဆိုင်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီအဖြစ်အပျက်အပေါ် VAR ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်က ပွဲအတွင်း ပြန်လည်သုံးသပ်ခဲ့ပြီး ကြမ်းတမ်းတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ခံစားခံရကာ အနီကတ်နဲ့ မထိုက်တန်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

VAR ဟာ ဟာလန်းရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီးကို အဝါကတ်ပြသဖို့ အကြံပြုခဲ့ခြင်းမရှိသလို ကွင်းအတွင်းမှာ အရေးယူခဲ့ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့် ဟာလန်းဟာ နောက်ကြောင်းပြန်ပြစ်ဒဏ်ချခံရမှုကို ရှောင်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်အတွင်းမှာ အာဆင်နယ်အသင်းကစားသမားတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာကို “နှိမ့်ချပြီးနေဖို့”ပြောခဲ့ပါတယ်။

ဟာလန်းဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းကစားသမားဘ၀ သွင်းဂိုး(၁၀၀)ပြည့်သွားခဲ့သလို ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၁၀)ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed