ချယ်လ်ဆီးမှာ ကစားသမားများလွန်းလို့ တချို့ကို ကြမ်းပြင်မှာပဲ ထိုင်ခိုင်းခဲ့ရတယ်လို့ ပေါ်တာဖွင့်ဟ
ဘရိုက်တန်အသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာက ချယ်လ်ဆီးအသင်းကို သူကိုင်တွယ်ခဲ့ချိန်က ကလပ်အသင်းဘက်က ကစားသမားအများအပြားခေါ်ယူခဲ့မှုကြောင့် ကစားသမားအချို့ကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာကိုင်တွယ်ချိန်တုန်းက ချယ်လ်ဆီးအသင်းဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၈)ဦးအထိ ခေါ်ယူအားဖြည့်ခဲ့တာပါ။
ဂရေဟမ်ပေါ်တာဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၃ ဧပြီနောက်ပိုင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ အဓိကအင်တာဗျူးမှာ ကလပ်အသင်းရဲ့အပြောင်းအရွှေ့မူဝါဒကို ထောက်ခံခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ၂၀၂၂ သြဂုတ်မှာ စံချိန်တင်ငွေကြေးပေးပြီးခန့်အပ်ကာ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် လပိုင်းအကြာမှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခဲ့တာပါ။
ဂရေဟမ်ပေါ်တာဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးကတည်းက ကမ်းလှမ်းမှုအချို့ကို ရရှိခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီးနောက် လွန်ခဲ့တဲ့(၁၈)လအတွင်းမှာ ကစားသမား(၂၀)ဦးကျော်ကို ခေါ်ယူခဲ့ပြီး သူတို့ရဲ့အပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ ဆက်ပြီးရှိနေခဲ့တာပါ။
ဂရေဟမ်ပေါ်တာဟာ The Telegraph နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားအများအပြားခေါ်ယူမှုကြောင့် အစည်းအဝေးခန်းထဲမှာ နေရာမရှိတော့ဘဲ ကစားသမားအချို့ဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ခဲ့ရတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်နေတဲ့ ဂရေဟမ်ပေါ်တာဟာ အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နိုင်ပေမယ့် နိုင်ငံအသင်းထက် ကလပ်အသင်းကိုသာ ပိုပြီးကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။