ကိုးလ်ပါမားကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားလို့ မာရက်စ်ကာ ချီးကျူး

0

မနေ့က ချယ်လ်ဆီး(၄-၂)ဘရိုက်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ သွင်းဂိုး(၄)ဂိုးစလုံးကို တစ်ဦးတည်းသွင်းယူခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါမားကို ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါမားဟာ ဘရိုက်အသင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့သွင်းဂိုးတွေကို ပထမပိုင်းမှာတင် သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ပထမပိုင်းတစ်ပိုင်းအတွင်း (၄)ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။

အသက်(၂၂)နှစ်အရွယ်ရှိ ကိုးလ်ပါမားဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၆)ဂိုးအထိ ရရှိထားပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းရဲ့အနောက်မှာ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုးလ်ပါမားဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသထားတာပါ။ အဲ့ဒါကြောင့် ကိုးလ်ပါမားကို ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာအပြင် ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာကပါ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ချီးကျူးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟာဇယ်လာက “ကိုးလ်ပါမားဟာ (၄)ဂိုးသွင်းခဲ့ပြီး သူ့ကို တစ်ဦးချင်းစီမှာ ကျွန်တော်တို့ရပ်တန့်လို့ရမှာမဟုတ်ပါဘူး။ သူ့ကို အသင်းလိုက်ခုခံမှရမှာပါ။ သူဟာ အလွန်အံ့သြစရာကောင်းတဲ့ကစားသမားပါ”လို့ ဆိုခဲ့တာပါ။

မာရက်စ်ကာက “ကိုးလ်ပါမားဟာ သွင်းဂိုးတွေ၊ဖန်တီးမှုတွေနဲ့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားပါ။ သူဟာ အလွန်ရိုးရှင်းပြီး နှိမ့်ချတဲ့သူဖြစ်တဲ့အတွက် ဒါက ကျွန်တော့်အတွက်အရေးအကြီးဆုံးပါ။ ကိုးလ်က ထိပ်တန်းကစားသမားဖြစ်ပြီး သူဟာ ဘယ်တော့မှပြောင်းလဲသွားမယ့်သူမဟုတ်ဘူး”လို့ဆိုခဲ့ပါတယ်။

ကိုးလ်ပါမားကတော့ သူဟာ ဒီပွဲမှာ (၅)ဂိုး ဒါမှမဟုတ် (၆)ဂိုးလောက်သွင်းယူနိုင်ခဲ့သင့်တာလို့ ဆိုခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီရာသီ နည်းပြ မာရက်စ်ကာလက်ထက်မှာ အကောင်းဆုံးပုံစံတစ်ရပ်ကို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက်နိုင်ပွဲရရှိထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *